ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဒီးမော့ဆို ဒီဇင်ဘာ ၂၂

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့ပေါ် ရပ်ကွက်ရှိ လူသွားလူလာ များပြားလျက်ရှိသော နေရာများအပြင် ကျေးရွာများတွင်လည်း မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်အသုံးပြုပြီး နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာကြရန် အရှိန်အဟုန်မြှင့် ပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ပညာပေးဆောင်ရွက်ရာတွင် ဒီဇင်ဘာ ၂၂ ရက်က ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများနှင့် လူမှုအသင်းအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့များက ဒီးမော့ဆိုမြို့ အခြေခံပညာ အထက်တန်းကျောင်းရှေ့၊ ဒေါငံခါးကျေးရွာ လမ်းဆုံ၊ စံပြ(၆)မိုင်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးရှေ့နှင့် နန်းမယ်ခုံမြို့တို့တွင် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်အသုံးပြုခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ပြီး နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိသူများအား ချက်ချင်းဝယ်ယူ တပ်ဆင်စေကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)