ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၌ ရပ်ရွာအခြေပြု မုန့်မျိုးစုံသင်တန်းနှင့် သီးယို၊ သီးစိမ် သင်တန်းဆင်းပွဲပြုလုပ်

လွိုင်ကော် ဒီဇင်ဘာ ၂၂

ကယားပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် အမျိုးသမီးများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန် အတွက် သင်တန်းများ သင်ကြားပို့ချပေးလျက်ရှိရာ ရပ်ရွာအခြေပြု မုန့်မျိုးစုံသင်တန်းနှင့် သီးယို ၊ သီးစိမ် သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ၊ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်လှစ် သင်ကြားပေးရသည့် အကြောင်းအရာနှင့်စပ်လျဉ်း၍ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ၊  ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့်က ရပ်ရွာအခြေပြု မုန့်မျိုးစုံသင်တန်းနှင့် သီးယို ၊ သီးစိမ် သင်တန်းပြုလုပ်ရခြင်းကြောင့် လွိုင်ကော်မြို့အတွင်းရှိ အမျိုးသမီးများသည် မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်ပြီး ဘဝကို ရှေ့ဆက်လျှောက်လမ်းနိုင်မည်ဖြစ်ပြီး ဒေသထွက်ပစ္စည်းများဖြင့် အာဟာရ ပြည့်ဝသော အစားအစာများကို ဖန်တီးတီထွင်နိုင်မည်ဖြစ်ကြောင်း ၊ အမျိုးသမီးငယ်များအနေဖြင့် လေ့လာသင်ယူရမည့် အသိပညာ ၊ အတတ်ပညာများကို ရရှိပြီး ဘဝကိုကြံ့ကြံ့ခိုင် ရင်ဆိုင်ကျော်လွှား သူများဖြစ်ရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ် သင်ကြားပေးရခြင်းဖြစ်ကြောင်းနှင့် အဆင့်မြင့် သင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ရပ်ရွာအခြေပြု မုန့်မျိုးစုံသင်တန်းနှင့် သီးယို ၊ သီးစိမ် သင်တန်းကို ဒီဇင်ဘာလ (၁၈) ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ သင်ကြားပို့ချ ပေးခဲ့ပြီး သင်တန်းသူ (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)