ငရုတ်သီးခြောက်ပေါ်ချိန်တွင် ဈေးကောင်းရရှိရေး ငရုတ်စိုက်တောင်သူများ မျှော်လင့်

နောင်တရား ဒီဇင်ဘာလ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌ ငရုတ်သီးခြောက်ပေါ်ချိန် တွင်  ငရုတ်သီးခြောက်ဈေး မကျရန်မျှော်လင့်နေရကြောင်း ပေါ့အင်ကျေးရွာအုပ်စု၊ မြင်းမထိတောင်ရွာ ငရုတ်သီး စိုက်တောင်သူတစ်ဦးထံမှ သိရသည်။

“ပြီးခဲ့တဲ့နိုဝင်ဘာလ က ငရုတ်သီးခြောက်တစ်ပိဿာကို ငွေကျပ် ၄၀၀၀ ရောင်းရတယ် အခု ငွေကျပ် ၃၈၀၀ ဘဲရတော့တယ် အခုလိုဈေးကောင်းနေချိန် ငရုတ်သီး က အကုန်မခြောက်သေးဘူး ငရုတ်သီးစိုက်တဲ့ လူတွေလည်း ခြောက်အောင်နေလှန်းတုန်းဘဲ အကုန်လုံးမပေါ်သေးဘူး ငရုတ်သီး ခြောက်လို့ ရောင်းရချိန် ရောက်တော့မှ ဈေးကျသွားမှာ ကြောက်တယ် ဟု မြင်းမထိတောင်ရွာမှ ငရုတ်စိုက်တောင်သူ နန်းခမ်းမွန် က ပြောသည်။ ငရုတ်သီးအခြောက်က နီရဲပြီးလှနေမှ ဈေးပိုရတယ် နည်းနည်းဖြူရင်တော့ ဈေးနိမ်တာပေါ့ နည်းပညာတွေလည်း လိုချင်ပါတယ်ဟု ၎င်းကရှင်းပြသည်။ ငရုတ်သီးများကို အခြောက်ခံရာတွင် မိုးကာများ၊ ဖျာများပေါ်တွင် နေလှန်းခြင်း အချို့တောင်သူ များက အိမ်ခေါင်မိုးသွပ်များပေါ်တွင် နေလှန်းကြကြောင်း သိရသည်။

ပင်လောင်းမြို့နယ်အတွင်းတွင် ပေါ့အင်ကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာအုပ်စု၊ လွယ်မောကျေးရွာ အုပ်စု၊ တီကျစ်ကျေးရွာအုပ်စုနှင့် ဘန့်ပြင်ကျေးရွာအုပ်စုတို့တွင် ငရုတ်သီးကို  စီးပွားဖြစ် အများဆုံးစိုက်ပျိုးသည့် ကျေးရွာအုပ်စုများဖြစ်ပြီး ပင်လောင်းမြို့နယ်အတွင်း အချို့ကျေးရွာ အုပ်စုများတွင်လည်း ငရုတ်သီးအနည်း အကျဉ်း စိုက်ပျိုးကြကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)