နမ္မတူမြို့နယ်၌ မြို့နယ်ကျန်းမာရေးဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နမ္မတူ  ဒီဇင်ဘာ ၂၂

နမ္မတူမြို့နယ်၌ မြို့နယ်ကျန်းမာရေးဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်ခန့် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ မြို့နယ် ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှေးဦးစွာ နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးဝေထွန်းအောင် က အမှာစကားပြောကြားပြီး မြို့နယ် ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ အောင်သူထက် က လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပရခြင်း ရည်ရွယ်ချက်နှင့် မြို့နယ်အတွင်း ကိုဗစ်-၁၉နှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းဆောင်တာများ ဆောင်ရွက်နေမှု အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကျန်းမာရေးလုပ်ငန်းအဖွဲ့တွင်ပါဝင်သူများ ပြန်လည်ရွေးချယ်ခဲ့ပြီး တက်ရောက်လာသည့် မြို့နယ် ကျန်းမာရေးဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့ဝင်များ ဖြစ်ကြတဲ့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ (NGO/INGO) အဖွဲ့အစည်းများနှင့် တိုင်းရင်းသားရိုးရာ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များက မိမိတို့ အဖွဲ့အစည်းအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းဆောင်တာများအား အသီးသီး ဆွေးနွေးခဲ့ကြပြီး ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ကွန်ယက်ချိတ်ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအား ဆွေးနွေးခဲ့ကြ ကြောင်း  နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်သူထက်ထံမှ သိရသည်။

လူမော် (ပြန်/ဆက်)