ကွမ်းလုံ ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်အတွင်းရှိ စည်ပင်သာယာရေးဌာန ကွပ်ကဲမှုအောက်ရှိ စားသောက် ဆိုင် များနှင့် လက်ဘက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ ယနေ့နံနက် (၉)နာရီအချိန်ခန့် က ကွင်းဆင်း၍ တိုက်ဆိုင် စစ်ဆေးခဲ့ သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များအား ပြန်လည် ဖွင့်လှစ်ခွင့်ပြုနိုင်ရေးအတွက် တိုက်ဆိုင် စစ်ဆေးရန်စာရင်း (Checklist, Version 2.0) နှင့် အညီ စစ်ဆေး၍ A အဆင့်၊ B အဆင့်နှင့် C အဆင့် သတ်မှတ်၍ စစ်ဆေးခဲ့ပြီး စားသောက်ဆိုင်များတွင် ပြင်ဆင်ထားရှိရန်အချက်များ၊ စားသောက်ဆိုင်မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ သန့်ရှင်းရေးနှင့် ပိုးသတ်သန့်စင်ခြင်း လုပ်ငန်းများကို တာဝန်ရှိသူတို့က အသိပေးရှင်းလင်းဆောင်ရွက်ခဲ့သည်။
ကွမ်းလုံမြို့နယ်တွင် စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်ပေါင်း (၂၆)ဆိုင်ရှိပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အတိုင်း အဆင့်သတ်မှတ်၍ ပြန်လည်ဖွင့်လှစ်ခွင့်ပြု သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
စိုင်းဇော်ခမ်း(ကွမ်းလုံ)