မြင်းခြံ ဒီဇင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၃) ဦး ရောဂါပျောက်ကင်း၍ ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် ဆေးရုံဆင်းခွင့် ရရှိကြောင်း မြင်းခြံခရိုင် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ထွန်းဝင်းထံမှ သိရသည်။
အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၃) ဦးအား မြင်းခြံခရိုင် ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းဝင်းက "ဆေးရုံဆင်းခွင့်ရသော်လည်း မိမိနေအိမ်တွင် (၇) ရက်တိတိ ဆက်လက် အနားယူနေထိုင်ရမည်ဖြစ်ကြောင်း၊ တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်းများကို သီးသန့်ထားရှိအသုံးပြု စေလိုကြောင်း၊ မိသားစုများနှင့်အတူ ရောနှောနေထိုင်ခြင်းမပြုဘဲ သီးခြားနေထိုင်ကာ မိတ်ဆွေများကိုလည်း မိုဘိုင်းဖုန်း(သို့) Online မှသာ ဆက်သွယ်ပြောဆိုစေကြောင်း၊ အိမ်ရှိ အများသုံးပစ္စည်းတစ်ခုကို မကိုင်တွယ်မီ နှင့် ကိုင်တွယ်ပြီး တိုင်းဆပ်ပြာနှင့် ရေကို အသုံးပြု၍ စက္ကန့်(၂၀) ကြာအောင် လက်ကိုစနစ်တကျ ဆေးကြောခြင်း(သို့) အယ်လ်ကိုဟော ၆၀ % ပါဝင်သော လက်သန့်စင်ဆေးရည်ကို အသုံးပြုစေကြောင်း" စသည်ဖြင့် မှာကြားခဲ့သည်။
ယခုအချိန်တွင် ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၆၄) ဦး ထိရှိပြီး ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ (၂) ဦးရှိကြောင်း၊ မြင်းခြံ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံ ယူနေသော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၁၃)ဦး ကျန်ရှိနေပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း မြင်းခြံပြည်သူ့ဆေးရုံအုပ် ဒေါက်တာထွန်းက ပြောသည်။
ဆေးရုံဆင်းခွင့်ရရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၃)ဦးအား မြင်းခြံမြို့ ဧရာဝတီ သွေးလှူရှင် အသင်း ကားများဖြင့် အိမ်အရောက်လိုက်လံပို့ဆောင်ပေးခဲ့ကြသည်။
ကျော်စွာ(မြင်းခြံ)
ကျော်စွာဟိန်း(ဓာတ်ပုံကျွမ်းကျင်-၂)
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြင်းခြံခရိုင်ရုံး
၀၉-၆၉၁၈၁၇၅၇၂