နမ္မတူမြို့နယ်ရှိ ဒုတိယမြောက် ကိုဗစ်-၁၉ အတည်ပြုလူနာအား ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရ

နမ္မတူ ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ဒုတိယမြောက် ကိုဗစ်-၁၉ အတည်ပြုလူနာအား ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ အတည်ပြုလူနာမှာ အသက် (၃၀)အရွယ် အမျိုးသား (၁)ဦးဖြစ်ပြီး ဒီဇင်ဘာလ (၆)ရက်နေ့ တွင် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံမှ နမ္မတူမြို့နယ်၊ မန်စံကျေးရွာသို့ပြန်လာခဲ့သဖြင့် အခြေခံ သတ္တုတွင်းလုပ်ငန်းခွင်သင်တန်းကျောင်း အသွားအလာ ကန့်သတ်စခန်းမှာ အသွားအလာ ကန့်သတ်ထားရှိ သူဖြစ်သည်။ ဒီဇင်ဘာလ (၉)ရက်နေ့က ၎င်းအမျိုးသားလူနာ၏ ဓါတ်ခွဲနမူနာကိုရယူပြီး ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန (မူဆယ်)သို့ ပေးပို့စစ်ဆေးခဲ့ရာ ဒီဇင်ဘာလ (၁၀)ရက်နေ့မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ ကြောင်း သိရှိခဲ့သဖြင့် နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်လူနာဆောင်မှာထားရှိကာ ဆေးကုသပေးခဲ့သူ ဖြစ်ပါသည်။

ကိုဗစ်-၁၉ အတည်ပြုလူနာအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စောင့်ကြပ်ရက် (၁၁)ရက်ပြည့်ကာ ကျန်းမာရေးကောင်းမွန်ပြီး ဆေးရုံဆင်းခွင့် ပြုခြင်းဖြစ်ကြောင်း၊  နေအိမ် ရောက်လျှင်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ (၇)ရက်သီးသန့် နေထိုင်ရန် မှာကြားထားကြောင်း၊ နမ္မတူမြို့နယ်တွင် ယနေ့အချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၂)ဦးသာ ရှိခဲ့ပြီး (၂)ဦးလုံး ဆေးရုံဆင်းခွင့် ရရှိခဲ့ပြီဖြစ်သဖြင့် အတည်ပြုလူနာ မကျန်ရှိတော့ကြောင်း နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်သူထက် ထံမှ သိရသည်။

လူမော် (ပြန်/ဆက်)