ဆီဆိုင်မြို့နယ်၌ ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရေးအတွက်  ကျေးရွာချင်းဆက် လမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိ

 

ဆီဆိုင်    ဒီဇင်ဘာ     ၂၃

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အကောင် အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေများဖြင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့  နံနက်ပိုင်းက  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ပယ်၊ မြို့နယ် အဆင့် တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော် နှင့် မြို့နယ်အဆင့်အရည်အသွေးစစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောသန်းချစ်နှင့် သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ခံများလိုက်ပါ၍  မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် လပ်တိုင်-ပင်အွန်လမ်း (၇/၀)မိုင်အနက် (၁/၄)မိုင် ကျောက်ချော ခင်းခြင်းလုပ်ငန်း၊ နားမွန်း-ထီဗွာလမ်း(၈/၂)မိုက်အနက် (၇/၀)မြေသားလမ်း ဖောက်လုပ်ပြီး ဖြစ်၍ ကျန်(၁/၂)မိုင် မြေသားဖောက်လုပ်ခြင်းလုပ်ငန်း၊ ကျားတောင်-ကောင်ပန်း တန်(၆/၀)မိုင်အနက် (၂/၂)မိုင် ကတ္တရာလမ်းခင်းပြီးဖြစ်၍ ကျန်(၃/၆)မိုင်မှ (၁/၀)မိုင် ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းနှင့် ကောင်းမူဗွာ-လိုက်ဟန်နား-လိုက်ပေးလမ်း(၁/၄)မိုင် (၁၂ ပေအကျယ် ထု ၁၂ လက်မ) အမာခံလမ်းပုခုံး တစ်ဖက်လျှင်(၄ ပေ)ကျောက်ချော လမ်းခင်းခြင်း လုပ်ငန်းတို့အား လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များအား ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။

အဆိုပါဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းအားဖြင့် ကျေးရွာနေဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာမည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)