ဝိုင်းမော် ဒီဇင်ဘာ ၂၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် ကျေးရွာအဆင့်လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မိုင်းနား ကျေးရွာ ဩဟိတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးအောင်က အမှာစကားပြောကြားပြီး ပြည်နယ်ကျေးလက်ဒေသဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း(ရုံးခွဲ)မှ ဦးစီးအရာရှိ စီမံကိန်းတာဝန်ခံ-၂ ဒေါ်ဝေမွန်အောင်နှင့် အင်ဂျင်နီယာ ဒေါ်ငြိမ်းသူဇာတို့က စီမံကိန်းတွင်ပါဝင်သောအစိတ်အပိုင်းများ၊ ငွေကြေးစီးဆင်းပုံများ၊ စီမံကိန်း မြို့နယ်များ ရွေးချယ်မှုအတွက် သတ်မှတ်ချက်၊ စံနှုန်းများ၊ အဖွဲ့အစည်းဖွဲ့စည်းမှုများ နှင့်ပတ်သက်၍ စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ပြည်နယ်ကျေးလက်ဒေသဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း(ရုံးခွဲ)မှ ပြည်နယ်အကြံပေး ဒေါ်မာလာဝင်းမှ စီမံကိန်းဝန်ထမ်းများ ဖွဲ့စည်းပုံနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် တက်ရောက်လာသူများက လူထုဗဟိုပြုစီမံကိန်းနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
အခမ်းအနားသို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ မိုင်းနားကျေးရွာနှင့် နောင်ချိန်းကျေးရွာမှ ဒေသခံ ပြည်သူများ (၃၀)ဦးထက်မပိုဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိသည်။
ခိုင်သက်မွန်(ပြန်/ဆက်)