ပလောက်မြို့ စည်ပင်သာယာဈေးကြီး၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် စစ်ဆေး ခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်

ပလောက် ဒီဇင်ဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့ စည်ပင်သာယာရေးဦးစီးဌာနမှ ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဈေးဝယ်သူ/ ဈေးရောင်းသူ ပြည်သူများအနေဖြင့် နှာခေါင်းစည်း တပ်ဆင်သွားလာရေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့ နံနက် ၇ နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် စည်ပင်သာယာဈေးကြီး၌ ဈေးရောင်းသူ/ဈေးဝယ်သူများအား နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန်နှင့် လက်များကို မကြာခဏဆေးကြောရန် အသိပညာပေး၍ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသည့် ပြည်သူများအား ချက်ချင်းဝယ်ယူ တပ်ဆင်စေခဲ့ကြောင်း သိရသည်။ အဆိုပါ စစ်ဆေးခြင်းနှင့် အသိပညာပေးဆောင်ရွက်ခြင်းကို ပလောက်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များ၊ မြို့စည်ပင်သာယာရေး အဖွဲ့တာဝန်ခံနှင့် ဝန်ထမ်း များ၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ များပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်