ကွတ်ခိုင် ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၌ မြဝတီမြို့မှပြန်လာသည့် အမျိုးသားတစ်ဦးထံတွင် ယမန်နေ့ က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာတစ်ဦးတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး ထံမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ အတည်ပြုလူနာသည် ဒီဇင်ဘာလ (၁၉) ရက်နေ့၌ မြဝတီမြို့မှ ကွတ်ခိုင်မြို့သို့ ရောက်လာသူ ဖြစ်ပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ Facility Quarantine Centerသို့ အသွားအလာကန့်သတ်မှု ခံယူနေသူဖြစ်ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ဝင့်ဝင့်မြိုင် က အတည်ပြုပြောကြားသည်။
“လူနာက အသက်(၂၂)နှစ်အရွယ် အမျိုးသားဖြစ်ပါတယ်၊ မြဝတီမြို့ကနေ ပြန်လာတာဖြစ်ပြီး Facility Quarantine မှာ အသွားအလာကန့်သတ်တာခံယူရင်း Positive အဖြေ တွေ့ရှိခဲ့တာဖြစ်တယ်”ဟု ပြောကြား သည်။ ကိုဗစ်-၁၉ အတည်ပြုလူနာအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ လိုအပ်သည့် ဆေးဝါးကုသမှုများ ပြုလုပ် ပေးနေပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိသည်ဟု ဒေါက်တာဝင့်ဝင့်မြိုင် က ပြောကြားသည်။
ကွတ်ခိုင်မြို့နယ်အတွင်းရှိ Quarantine Center အသီးသီးတွင် အနယ်အနယ်အရပ်ရပ်မှ ပြန်လာသူ (၁၆၈) ဦး အား အသွားအလာကန့်သတ်မှုများ ပြုလုပ်ပေးနေပြီး Stay at Home အဖြစ် သတ်မှတ်ထားသည့် မြို့နယ်မှ ပြန်လာသည့် မိသားစုအချို့ကို Home Quarantine အဖြစ် အသွားအလာကန့်သတ်မှုများ ပြုလုပ်ဆောင်ရွက် ထားကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)