မြင်းခြံ ဩဂုတ် ၅
မြင်းခြံမြို့ပေါ်ရပ်ကွက်များတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက် အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အမည်စာရင်း ကပ်ထားကြေညာမှုများအား ယမန်နေ့နံနက် ၉ နာရီမှစ၍ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိန်ဌေးဝင်းနှင့် အဖွဲ့ဝင်များက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ယခုလို ကွင်းဆင်းစစ်ဆေးရခြင်းအကြောင်းကိုလည်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိန်ဌေးဝင်းက မြို့ပေါ်ရပ်ကွက် (၂၀) ရပ်ကွက်များမှ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်အမည်စာရင်းများ ကပ်ထားကြေညာထားရာ မြို့ပေါ်ရက်ကွက်နေ ပြည်သူများ လာရောက်ကြည့်ရှုမှုအခြေအနေ၊ မဲစာရင်းတွင် အမည်စာရင်းမပါရှိပါက ဆောင်ရွက်ပေးနေသည့်အခြေအနေ၊ အချက်အလက်များ မှန်/မမှန် စစ်ဆေးခြင်းနှင့် သတ်မှတ်ပုံစံများဖြင့် ပြင်ဆင်ဆောင်ရွက်ပေးနေခြင်းများကို ကြည့်ရှုစစ်ဆေးရခြင်းဖြစ်ကြောင်း ပြောသည်။ ထို့နောက် မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း မြို့နယ်ကော်မရှင်အဖွဲ့ဝင်များမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများ ကပ်ထားကြေညာမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီးကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက် အထွေထွေရွေးကောက်ပွဲတွင် မြင်းခြံမြို့နယ်အနေဖြင့် လက်ရှိစာရင်းများအရ မဲရုံပေါင်း (၂၇၆) ရုံရှိပြီး မဲဆန္ဒပေးပိုင်ခွင့်ရှိသူလူဦးရေမှာ ၂ သိန်း ၂ သောင်းကျော်ခန့်ရှိကြောင်း သိရှိရသည်။
ကျော်စွာ(မြင်းခြံ)