ကော့သောင်း ဒီဇင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၌ ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဟံသာဝတီ အစည်းအဝေးခန်းမတွင် Social Distancing နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်အေးက ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာဥပဒေ (၂၀၁၉ ခုနှစ်) ပါ အကြောင်းအရာများ၊ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများဆိုင်ရာ ခံစားခွင့်များကို ပြည့်ပြည့်ဝဝ ခံစားခွင့်ရှိရေးနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ပံ့ပိုးကူညီဆောင်ရွက်မည့်အချက်များ၊ ကလေးသူငယ်နှင့် အမျိုးသမီးများ ကာကွယ် စောင့်ရှောက်ရေး ဆောင်ရွက်ပေးမှုများနှင့် အစည်းအဝေး (၁/၂၀၂၀) ဆုံးဖြတ်ချက်များ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ကော့သောင်းမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်များမှ မြို့နယ်အဆင့် ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်အလိုက် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများ၊ အရေးများ၊ ဥပဒေဆိုင်ရာများနှင့် လုပ်ထုံး လုပ်နည်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ကော်မတီဝင်ဌာနဆိုင်ရာများ ပူးပေါင်း၍အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို အသီးသီးရှင်းလင်းတင်ပြ ဆွေးနွေးကြသည်။
ယင်းနောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးမှူး ဒေါ်သီသီအေးက ခရိုင်အတွင်းကလေးသူငယ်များနှင့် ပတ်သက်၍ မိမိတို့ ဦးစီးဌာန၏ ဆောင်ရွက်ချက်များအားလည်းကောင်း၊ World Vision Myanmar (ကော့သောင်း) မှ စီမံကိန်းမန်နေဂျာ နော်ဒီဘိုးရာ က မိမိတို့အဖွဲ့အနေဖြင့် ကော့သောင်းခရိုင်အတွင်း ကလေးသူငယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအ နေများအား အသီးသီး ရှင်းလင်းတင်ပြ ကြသည်။
ထို့နောက်တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ NGO အဖွဲ့များမှ တာဝန်ရှိသူများက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ မိမိတို့ဌာန/အဖွဲ့အစည်းအလိုက် ဆောင်ရွက်နေမှု အခြေအနေများနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက် အကောင်အထည်ဖေါ်ဆောင်မည့် ရှေ့လုပ်ငန်းစဉ်အခန်းကဏ္ဍများအား တင်ပြ ဆွေးနွေးခဲ့ကြပြီး ကော့သောင်းခရိုင်၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌမှ နိဂုံးချုပ်ပြောကြားကာ အစည်းအဝေးအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)