လေးမျက်နှာ ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တင်ဒါစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးလက်ရေပေးရေး လုပ်ငန်းများ ချပြရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လေးမျက်နှာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းသိန်းမှ အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် သခင်ဖိုးလှကြီးကျေးရွာ၊ ညောင်ဝိုင်းကျေးရွာ၊ ဝတ်ကုန်းကျေးရွာ၊ ဥယျာဉ်ကုန်းကျေးရွာတို့တွင် ရေရရှိရေးအတွက် တွင်းနက်တူးဖော်ခြင်း၊ ဝါးတောကွင်းကျေးရွာတွင် မြေသား+မြေရော ကျောက်လမ်း ဖောက်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ ကျေးလက်ရေပေးရေး လုပ်ငန်းအတွက် ထွန်းလသာကုမ္ပဏီနှင့် မြေသား+မြေရော ကျောက်လမ်းအတွက် Royal K Star ကုမ္ပဏီတို့မှ တင်ဒါအောင်မြင်ခဲ့ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်သွားမည့် အစီအစဉ် များအား ရှင်းလင်း ပြောကြားခဲ့သည်။
လေးမျက်နှာ မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း သခင်ဖိုးလှကြီးကျေးရွာ၊ ညောင်ဝိုင်းကျေးရွာ၊ ဝတ်ကုန်းကျေးရွာ၊ ဥယျာဉ်ကုန်းကျေးရွာတို့တွင် သောက်သုံးရေ ဖူလုံစွာရရှိရေး စက်ရေတွင်းသစ်တူးဖော်ခြင်း၊ ဂါလန်(၂၀၀၀)ဆန့် အမြင့်တင် ရေစင်တည်ဆောက်ခြင်း၊ အလျား၁၀ပေ အနံ၁၀ပေ အမြင့်၂၀ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းအတွက် ခွင့်ပြုငွေကျပ် ၄၉.၆၆၀၀ သန်းနှင့် ဝါးတောကွင်းကျေးရွာတွင် မြေသား+မြေရော ကျောက်လမ်းဖောက်လုပ်ခြင်း လုပ်ငန်းအတွက် ခွင့်ပြုငွေကျပ် ၂၄.၀၂၀၀ သန်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)