နမ့်စန်(တ) ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ အမှတ်(၅)ကျေးရွာအုပ်စု၊ အမှတ်(၅)ကျေးရွာတွင် အားမာန်သစ် လယ်ယာစိုက်ပျိုးရးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သော အသင်းသား၊ အသင်းသူများ၏ သားသမီးများကို ဂုဏ်ပြုငွေချီးမြှင့်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အသင်းဥက္ကဋ္ဌ သဘာပတိဦးကျော်ရွှေက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထွန်းက အမှာစကားပြောကြားခဲ့သည်။
ထို့နောက် သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးအောင်ဆယ်က နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အသင်းမှတာဝန်ရှိသူများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အမှုဆောင် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေး ရှင်းတမ်းများကို ဖတ်ကြားတင်ပြခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိဦးတင်ထွန်း၊ သမဝါယမ အသင်းစုဥက္ကဋ္ဌ ဦးအောင်ဆယ်နှင့် တာဝန်ရှိသူများက ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့သော အသင်းသား၊ အသင်းသူများ၏ သားသမီး တစ်ဘာသာဂုဏ်ထူးရှင် (၁)ဦး နှင့် ရိုးရိုးအောင်မြင်သူ (၃)ဦး စုစုပေါင်း ၄ ဦးကို ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ အသင်းမှ တာဝန်ရှိသူများက အသင်းသူ၊ အသင်းသား ၆၁ ဦး၏ စုဆောင်းငွေအပေါ် အတိုးနှင့်အစုပေါ်အမြတ်ငွေ စုစုပေါင်း ၇၄၄၈၃၈၀ ကျပ်ကို ထုတ်ပေးခဲ့ပြီး အဆိုပါအခမ်းအနား အပြီးတွင် အားမာန်သစ် လယ်ယာစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ အမှုဆောင်အသစ်များရွေးချယ်ပွဲကို ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သူရအောင် (ပြန်/ဆက်)