ပင်လောင်းမြို့နယ်ရှိ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ပင်လောင်း ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စံသတ်မှတ်ချက်နှင့်အညီ ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ပင်လောင်းမြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များသည် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ခြင်းဆိုင်ရာ စံသတ်မှတ်ချက်များနှင့် အညီ ပြန်လည်ဖွင့်လှစ်ရောင်းချခွင့်ရရှိရေး ဆောင်ရွက်ရန်ဖြစ်သည့် စားသောက်ဆိုင်များတွင် ပြင်ဆင်ထားရှိရန်အချက် ၁၅ ချက်၊ စားသောက်ဆိုင်မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရန်အချက် ၁၈ ချက်နှင့် သန့်ရှင်းရေးနှင့် ပိုးသတ်သန့်စင်ခြင်း လုပ်ငန်းဆောင်ရွက်ရန်အချက်ငါးချက် ဆောင်ရွက်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

အဆိုပါ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက်  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနန္ဒအောင်၊ မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးဝင်းနိုင်ဦးနှင့် ဝန်ထမ်းများ၊  မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရဲမင်းပိုင်(ပင်လောင်း)