နောင်ချို ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန် က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် နောင်ချိုမြို့ ရွေးကောက်ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ထွန်းက စီမံကိန်းရေးဆွဲရာတွင် မြို့နယ်၏ လက်တွေ့လိုအပ်ချက်များ၊ ရေတို၊ ရေရှည် အကျိုးစီးပွားများ၊ ပြည်သူ့အသံ၊ နည်းပညာရှုထောင့်၊ ဒေသဖွံ့ဖြိုးရေးရှုထောင့်၊ စီမံခန့်ခွဲရေးရှုထောင့်များမှ ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်းနှင့် ပြည်သူ့ဘဏ္ဍာ အလေအလွှင့် မရှိစေရေး၊ စီမံကိန်းများ အောင်မြင်ရန်အတွက် ဌာနဆိုင်ရာများမှ ပူးပေါင်း ဆောင်ရွက်ရေး စသည်ဖြင့် နောင်ချိုမြို့နယ်၏ အကျိုးစီးပွားဦးတည်ရေးတို့ကို အလေးထားဆောင်ရွက်ရန် ဆွေးနွေးခဲ့သည့်အပြင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် လမ်း၊ တံတား၊ ရေရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိနိုင်ရေးနှင့် စည်ပင်နယ်နိမိတ် မပါရှိသေးသော မြို့ပေါ် (၆)ရပ်ကွက်ကိုလည်း ပါဝင်နိုင်ရေး စသည်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီအစည်းအဝေးသို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေ၊ ရွေးကောက်ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းနှင့် မြို့နယ်စီမံကိန်းရေးဆွဲရေး ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)