ကွတ်ခိုင် ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ အမှတ်(၈)ရပ်ကွက်၌ ဖွင့်လှစ်ထားသည့် ဂေသရှေမန် လူငယ်ဖွံ့ဖြိုးရေးနှင့် မသန်စွမ်းဂေဟာတွင် ဒီဇင်ဘာလ၂၁ ရက်မှစ၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပို့ချပေးခဲ့သည်။
အဆိုပါ သင်တန်းကို ဂေသရှေမန်လူငယ်ဖွံ့ဖြိုးရေးနှင့် မသန်စွမ်းဂေဟာမှကြီးမှူးဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းတွင် ကွတ်ခိုင်မြို့နယ် အတွင်းရှိ အမျိုးသမီးငယ်များအတွက် စက်ချုပ်သင်တန်း၊ ဂေဟာအတွင်းရှိမသန်စွမ်းသူများအတွက် လက်ချုပ်သင်တန်း ဖွင့်လှစ်ပို့ချပေးခြင်း ဖြစ်ကြောင်း ဂေသရှေမန်လူငယ်ဖွံ့ဖြိုးရေးနှင့် မသန်စွမ်းဂေဟာတည်ထောင်သူ ဆရာမမိုင်မိုင်က ပြောကြားခဲ့သည်။
“လက်ရှိကိုဗစ်ကာလမှာ အတော်များများက အလုပ်လက်မဲ့ဖြစ်နေကြတယ်၊ အထူးသဖြင့် အမျိုးသမီးတွေပေါ့၊ မသန်စွမ်းသူတွေလည်း အကြပ်အတည်း တွေ့နေကြရတယ်၊ ဒါကြောင့်သူတို့တွေအိမ်မှာနေရင်း တစ်ဖက်တစ်လမ်းကနေ ဝင်ငွေတွေရအောင် ဒီသင်တန်းကို ဖွင့်ပေးတာဖြစ်တယ်၊ လူငယ်အမျိုးသမီးတွေအတွက် စက်ချုပ်တာတွေသင်ပေးသွားမယ်၊ မသန်စွမ်းသူတွေတော့ လက်ချုပ်နည်းတွေ သင်ပေးသွားမယ်၊ သင်တန်းပြီး သွားရင်လည်း သူတို့တွေ လေ့ကျင်လို့ရအောင် ဂေဟာမှာ စက်ပစ္စည်းတွေ အရန်သင့် ထားပေးသွားမယ်” ဟု ဆရာမမိုင်မိုင်က ပြောကြားခဲ့သည်။
ယင်းသတန်းတွင် အသုံးပြုရန်လိုအပ်သည့်စက်ပစ္စည်းကိရိယာများကို GCNCA လူမှုရေးအသင်းအဖွဲ့မှ ကူညီထောက်ပံ့ပေးကာ သင်တန်းသို့ ကွတ်ခိုင်မြို့နယ်အတွင်းမှ အမျိုးသမီးငယ်(၂၀)ဦးနှင့် ဂေသရှေမန် လူငယ်ဖွံ့ဖြိုးရေးနှင့် မသန်စွမ်းဂေဟာမှ မသန်စွမ်းသူ ကျား/မ(၁၀)ဦး တက်ရောက်ပြီး သင်တန်းကို ဒီဇင်ဘာ၂၁ရက်မှ ၂၇ရက်နေ့အထိ ရက်တ္တသပတ် (၇)ရက်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)