ချောင်းသာမြို့ Quarantine Centre ရှိ Volunteer များအား PPE ဝတ်စုံ အသုံးပြုနည်း သရုပ်ပြပို့ချ

ချောင်းသာ  ဒီဇင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ Quarantine Centre ရှိ Volunteer များအား PPE ဝတ်စုံ အသုံးပြုနည်း သရုပ်ပြပို့ချခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ချောင်းသာမြို့ အ.မ.က(၈) Quarantine Centre ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

"အခုလို ချောင်းသာမြို့ အ.မ.က(၈) Quarantine Centre မှာရှိတဲ့ Volunteer တွေကို PPE ဝတ်စုံအသုံးပြုနည်းကို အရင်ကလည်း သင်ပြပေးခဲ့ပါတယ်။ တကယ်တမ်းလိုအပ်တဲ့အချိန်ကျရင် သူတို့လည်း အားကြိုးမာန်တက်နဲ့ လုပ်ကြမှာဆိုတော့ ဘာပဲဖြစ်ဖြစ် အမြဲတမ်းအဆင်သင့် ဖြစ်နေစေချင်တယ်၊ သူတို့အတွက်လည်း လုံခြုံအောင် ဆောင်ရွက် နိုင်အောင်လို့  ဒီနေ့ပြန်ပြီး လေ့ကျင့်ခန်းပြပေးတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်"ဟု ချောင်းသာ တိုက်နယ် ကျန်းမာရေးဌာန၊ ကြီးကြပ်(၁) ဦးထွန်းအောင်ကို က ပြောပါသည်။

"ကျွန်တော်တို့အတွက် မသိတာမတတ်တာတွေကို အခုဆရာကသင်ကြားပို့ချပေးခဲ့တော့ PPE ဝတ်ပုံဝတ်နည်းတွေ၊ Surgical ဝတ်ပုံဝတ်နည်းတွေ၊ နှာစောင်းစည်း (Mask) တပ်ပုံတပ်နည်းတွေ အကုန်လုံး လက်တွေ့ ပို့ချထားတဲ့အတွက် အများကြီး အကျိူးကျေးဇူးရှိပါတယ်၊ တကယ်တမ်း လက်တွေ့ ဖြစ်လာပြီဆိုရင် ကျွန်တော်တို့ ဘယ်လိုလုပ်ရမယ်ဆိုတာ ဒီဟာကို နည်းနာယူပြီး လုပ်လို့ရတယ်လေ၊ ဘယ်လိုဘဲဖြစ်ဖြစ်ဒီ PPE ဝတ်စုံဝတ်နည်းက လုံခြုံစိတ်ချရတဲ့အတွက် ရောဂါလက္ခဏာ ပြတဲ့သူတွေကို သွားယူပြီဆိုရင် ဒါတွေဟာ ကျွန်တော်တို့အတွက် အများကြီးအကျိုးကျေးဇူး ရှိပါတယ်"ဟု Quarantine Centre တွဲဖက်တာဝန်ခံ ဦးမျိုးသိန်း က ပြောပါသည်။

အဆိုပါ PPE ဝတ်စုံအသုံးပြုနည်း သရုပ်ပြပို့ချခြင်းကို အ.မ.က(၈) Quarantine Centre ရှိ Volunteer (၁၁) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စိုးဝင်း၊ ချောင်းသာ(ပြန်/ဆက်)