တနိုင်း ဒီဇင်ဘာ၂၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ဟူးကောင်းဂင်ဒိုင်မနောကွင်းအတွင်းရှိခန်းမ၌ Facility Quarantine ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ရောဂါရှိ/မရှိ ဓာတ်ခွဲနမူနာများ ရယူခြင်းနှင့် ကန့်သတ်(၁၄)ရက်ပြည့်မြောက်သူများအား နေအိမ်သို့ပို့ဆောင်ပေးခြင်းကို ယနေ့ နံနက်(၉) နာရီအချိန်က ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စောင့်ကြည့်စစ်ဆေးရန်အတွက် ပြည်ပနှင့် ပြည်တွင်းရှိ အခြားမြို့နယ်များမှ နေရပ်သို့ပြန်လည်ရောက်ရှိလာသူ(၄၂)ဦးအား မြို့နယ် ဟူးကောင်း ဂင်ဒိုင်မနောကွင်းအတွင်းရှိခန်းမ၌ (၁၄)ရက် ကန့်သတ်ထားရှိပြီး အဆိုပါကန်သတ်ထားရှိသူများမှ ကျား(၁၂)ဦးနှင့်မ(၉)ဦး စုစုပေါင်း (၂၁)ဦးတို့အား ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုနိုင်ရေး အတွက် နှာခေါင်းနှင့်အားခေါင်တို့ဖတ်များရယူခဲ့သည်။
ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာမှ ထုတ်ပြန်ထားသောလုပ်ငန်း ညွှန်ကြားချက်များနှင့်အညီ ကန့်သတ် (၁၄)ရက်စောင့်ကြပ်ကြည့်ရှုစစ်ဆေး ခြင်းပြည့်မြောက်၍ ရောဂါပိုး လက္ခဏာ ပေါ်ပေါက်ခြင်းမရှိသူ ကျား(၂)ဦး၊ မ(၅)ဦး စုစုပေါင်း(၇)ဦးတို့အား မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၏ ထောက်ခံချက်လက်မှတ်ဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများရှိ နေအိမ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ကာ Home Quarantine (၇)ရက်တိတိ နေထိုင်ရန်ညွှန်ကြားထားပြီး နှာခေါင်း တို့ပတ်ရယူထားသည့် (၂၁)ဦးတို့၏ ဓာတ်ခွဲနမူများကို ကိုဗစ် -၁၉ ရောဂါရှိမရှိ စစ်ဆေးနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အဆင့် ဆင့်သို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
စိုင်းထင်ကျော်(ပြန်/ဆက်)