ကျိုက်လတ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် ဈေးများအား အရှိန်အဟုန်မြှင့် အသိပညာပေးစစ်ဆေး

ကျိုက်လတ်   ဒီဇင်ဘာ        ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယနေ့ နံနက်(၇) နာရီခန့် ကစ၍  ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး အတွက် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဈေးများအား အရှိန်အဟုန်မြှင့် အသိပညာပေး စစ်ဆေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျိုက်လတ်မြို့ လှည်းဆိပ်ဈေးအတွင်း ဖွင့်လှစ်ရောင်းချသော ဈေးဆိုင်များတွင်  ဈေးရောင်းသူ၊ ဈေးဝယ်သူများ အနေဖြင့် နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face Shield) များ တပ်ဆင်ထားခြင်း ရှိ/မရှိ ၊ လက်ဆေးရန် နေရာထားရှိခြင်း ရှိ/မရှိ ၊ စားသောက်ကုန် ရောင်းချသည့် ဈေးဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချမှု ရှိ/မရှိ တို့ကို စစ်ဆေးပြီး ပါးစပ်နှင့် နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ(Face Shield) လိုအပ်သူများ အား ဝေငှပညာပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန် ဈေးဆိုင်များနှင့် ဈေးဝယ်သူများ လိုက်နာရမည့် အချက်များ၊ နှာခေါင်းစည်း (Mask) တပ်ဆင်ရာတွင် စနစ်တကျ တပ်ဆင်နည်းနှင့်စွန့်ပစ်နည်းများ၊ စနစ်တကျ လက်ဆေးနည်းများကို အသိပညာပေး စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဦးလှိုင်မင်းဦး ခေါင်းဆောင်ပြီး  မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီဝင်များ ဖြစ်ကြသည့် ဒုတိယ မီးသတ်ဦးစီးမှူးဦးထက်နိုင်အောင်၊ အခြေခံပညာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြန်မာ့စာတိုက် လုပ်ငန်း၊ ရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ ၊ အမှတ် (၅) ရပ်ကွက်၊ လှည်းဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ အစရှိသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရီရီမြင့်(ပြန်/ဆက်)