ပန်းတနော်မြို့နယ်တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ အသိပညာပေး သင်တန်းဆင်း လက်မှတ်များပေးအပ်

ပန်းတနော်  ဒီဇင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးဆောင် ဖွင့်လှစ်သည့်  အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အသိပညာပေး သင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲကို  ယနေ့  နံနက် ၁၀ နာရီက ဆွတ္တမူကျေးရွာတွင် ပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရန် ပြုလုပ်သည့် နည်းလမ်းများ၊ တောင်သူများ စပါးသီးနှံစီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ်လုပ်နည်း၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းခြင်း၊ (GAP) နည်းစနစ်ဖြင့် စိုက်ပျိုးခြင်း၊ သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်း (စာတွေ့၊လက်တွေ့) တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ တိုင်းရင်းကြက်မွေးမြူခြင်းနှင့် ကြိုတင် ကာကွယ်ခြင်း၊ ကျွဲနွားမွေးမြူခြင်းနှင့် ကာကွယ်ကုသခြင်း၊ ဝက်မွေးမြူခြင်းနှင့် ကာကွယ် ကုသခြင်း၊ မေထုံမဲ့ သားဆက်ခြင်းစသည့် အကြောင်းအရာများကို  မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနနှင့် စိုက်ပျိုးရေး ဦးစီးဌာနမှတာဝန်ရှိသူများက သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူ ၃၀ ဦးတို့အား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းကာလမှာ ဒီဇင်ဘာ ၁၄ ရက်မှ ဒီဇင်ဘာ  ၂၃ ရက်ထိ ၁၀ ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)