ကွမ်းလုံ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ ကျင်းပ

ကွမ်းလုံ ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဒေသခံပြည်သူ(၈၉)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကို ယနေ့ နံနက်(၁၁) နာရီခွဲအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဦးက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ကိုဗစ်-၁၉ ကာလအတွင်းဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ၂၀၂၀ ခုနှစ်အတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကျေးရွာအုပ်စု()ခုမှ ဒေသခံပြည်သူ ကျား(၃၃)ဦးနှင့် (၅၆)ဦး စုစုပေါင်း(၈၉)ဦး အတွက် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပေးအပ်ရာ ဒေသခံပြည်သူများက လက်ခံရရှိခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ယနေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း(၂၆၇၃)ခုအား ထုတ်ပေးထားပြီး ဖြစ်ကြောင်း သိရသည်။

မိုင်းခိုင်ဇော်(ကွမ်းလုံ)