တောင်သာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူရာ၌ ကိုဗစ်-၁၉ ရောဂါ လမ်းညွှန်ချက်နှင့် အညီ ပင်စင်စားဝန်ထမ်းများအား နေ့အလိုက်ထုတ်ပေး

တောင်သာ ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း  ပင်စင်စား ဝန်ထမ်းများကို  ဒီဇင်ဘာ(၂၁)ရက်၊ နံနက်(၇)နာရီအချိန်မှစတင်၍  ပင်စင် လစာများ  စနစ်တကျ ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ထုတ်ပေးရာတွင်  ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ ပင်စင်လာရောက်ထုတ်ယူသူများ အား  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် စနစ်တကျရှိစေရန် ခြောက်ပေအကွာ စည်းများပြုလုပ်ပေးထားခြင်း၊ လက်ဆေးကန်များ ပြုလုပ်ထားခြင်း၊ မြန်မာ့ စီးပွားရေးဘဏ်သို့ လာရောက်သည့် ပြည်သူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်းများ  စနစ်တကျ တပ်ဆင်စေရေး  အသိပညာပေးခြင်း လုပ်ငန်းများကို  တောင်သာမြို့ မြန်မာ့စီးပွားရေးဘဏ်မှ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ  ပင်စင်ထုတ်ယူရာ၌  လူစုလူဝေး မဖြစ်စေရန်အတွက် ဒီဇင်ဘာ (၂၁) ရက်နေ့မှ (၂၉) ရက်နေ့အထိ တောင်သာမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားဝန်ထမ်းများအား နေ့စဉ် နံနက်(၇)နာရီမှ  ညနေ(၃)နာရီအထိ ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် သတ်မှတ်ရက်များတွင် လာရောက် ထုတ်ယူခြင်းမရှိသော ပင်စင်စားဝန်ထမ်းများအား ဇန်နဝါရီ လဆန်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း၌ ပင်စင်များကို  ထုတ်ပေးမည်ဖြစ်ပြီး  တောင်သာမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ယူသူ (၉၀၀) ဦးရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)