လွိုင်ကော် ဒီဇင်ဘာ ၂၃
ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကို ဒီဇင်ဘာလ (၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်က ကယားပြည်နယ် လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၃)ဦး၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၃)ဦး၊ ဗမာတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်(၁)ဦး၊ စုစုပေါင်း (၁၇)ဦးတက်ရောက်ခဲ့သည်။
ဆက်လက်ပြ၍ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်တွင် ဖရူဆိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်၏ “၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ကုမ္ပဏီမှပြည်နယ်ခြား အလုပ်သမားများခေါ်ယူသည့်ကိစ္စနှင့် စပ်လျဉ်းပြီး သိရှိလိုခြင်း” မေးခွန်းနှင့် “ဖရူဆိုမြို့နယ်အတွင်း ရေရှားပါးမှုကိစ္စနှင့်စပ်လျဉ်းပြီး ဘဏ္ဍာရေးနှစ်အလိုက် မည်ကဲ့သို့ စီမံဆောင်ရွက် ပေးမည်ကို သိရှိလိုခြင်း” မေးခွန်းတို့အားမေးမြန်းရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိသည့်အခြေအနေများအား ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ဆက်လက်ပြီး ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၁၀)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ် ကယား ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပထမနေ့)တွင် ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဝန်ကြီး ဦးခင်မောင်ဖြူ တင်သွင်းခဲ့သော “ကယားပြည်နယ်၊ မယ်စဲမြို့နယ်၊ ခုံးန်ဟန့်စံပြကျေးရွာ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း” အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာခြင်းခဲ့သည်။
၄င်းနောက် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမော်မော်က“ကယားပြည်နယ်၏ အသေးစားငွေချေးလုပ်ငန်းဥပဒေကြမ်း”ကို ပြည်နယ် လွှတ်တော်သို့ တင်သွင်းခြင်း၊ ဤဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ မှ ဦးစိုင်းလင်းလင်းဦး က စိစစ်ချက်အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် ဤဥပဒေကြမ်းနဲ့ စပ်လျဉ်းပြီး ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေး လိုသူ များသည် ၂၀၁၄ ခုနှစ်၊ ကယားပြည်နယ် လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၄၀၊ ၁၄၂ တို့နှင့်အညီ ပြင်ဆင်လိုသည့် ဥပဒေကြမ်း၏ အပိုဒ်၊ အပိုဒ်ခွဲ၊ အကြောင်းအရာကို တိတိကျကျဖော်ပြ၍ နောင်လာမည့်လွှတ်တော် အစည်းအဝေးမတိုင်မီ ပြည်နယ်လွှတ်တော်ရုံး အကြီးအမှူးထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း အသိပေးကြေညာ ခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ယင်းနောက် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ဝန်ကြီး ဦးတီရယ်က ကယားပြည်နယ်သတ္တုတွင်းဥပဒေကြမ်းကို ပြည်နယ်လွှတ်တော် သို့ တင်သွင်းခြင်း၊ ဤဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေလေ့လာစိစစ်အကြံပြုရေးကော်မတီက စိစစ်ချက်အစီရင်ခံစာ ဖတ်ကြား ရှင်းလင်းခြင်း၊ ဤဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းနှင့် အတည်ပြုခြင်းတို့ကို နောင်ကျင်းပမည့်လွှတ်တော်အစည်းအဝေးများတွင် ဆက်လက်ဆောင်ရွက် သွား မည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့သည်။
ထို့နောက် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၃)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့) တွင် ဖားဆောင်း မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဆွေ တင်သွင်းခဲ့သော ၂၀၂၀ ပြည့်နှစ်၊ “ကယားပြည်နယ်စည်ပင်သာယာရေးဥပဒေကြမ်း”နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်းတို့ ဆောင်ရွက်ခဲ့သည်။
အောင်ထွန်းလေး (ပြန်/ဆက်)