ချီဖွေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ ညှိုနှိုင်း အစည်းအဝေးပြုလုပ်

ချီဖွေ   ဒီဇင်ဘာ  ၂၄

ကချင်ပြည်နယ်၊ မြစ်ကြီနားခရိုင်၊ ချီဖွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ကော်မတီညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်ဆွေက မြို့နယ်အတွင်းကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး မြို့အဝင်ကျန်းမာရေး စစ်ဆေးရေးဂိတ်များ စဉ်ဆက်မပြတ် တိုးမြှင့်ဆောင်ရွက်ရန်၊ ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ အကြံပေးဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလင်းလင်းထွန်းက မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ရေးအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီစနစ်တကျလက်ဆေးခြင်း၊ နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ကြရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် ပြောဆိုဆက်ဆံရန်၊ Mask Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်နှင့် မိမိတို့ဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက်အစည်းအဝေးတက်ရောက်ခဲ့ကြသော ကော်မတီဝင်တို့က ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ မြို့နယ်ကိုဗစ်-၁၉ ရှောင်တခင်စစ်ဆေးရေးအဖွဲ့က တစ်ပတ်လျင်(၃)ကြိမ် Mask Campaign လှုပ်ရှားမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အတွက် လှူဒါန်း ရရှိထားသည့် အလှူငွေများအား စနစ်တကျသုံးစွဲစေရေးနှင့် လိုအပ်သည့်လုပ်ငန်း လိုအပ်ချက်များ၊ ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ယိန်းယော(ပြန်/ဆက်)