မော်လမြိုင်ကျွန်းမြို့နယ်၌ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မော်လမြိုင်ကျွန်း   ဒီဇင်ဘာ   ၂၄

မော်လမြိုင်ကျွန်းမြို့နယ်၊ မော်ဧရာခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇင်မင်းဌေးက ဇန်နဝါရီလ ၄ ရက်နေ့၊ နံနက် ၄  နာရီ ၂၀ မိနစ်တွင်တွင်ကျင်းပမည့် အလံတင်အခမ်းအနားနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး၊  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏  ညွှန်ကြားချက်များနှင့်အညီ ကျင်းပသွားမည်ဖြစ်ပြီး  မြို့နယ်အတွင်းရှိဌာနဆိုင်ရာများ၊   နိုင်ငံရေးပါတီများ၊   အသင်းအဖွဲ့များအလိုက် သတ်မှတ်ထားသော လူဦးရေနှင့်အညီ ဆောင်ရွက်ကြောင်း၊ တက်ရောက်လာကြသော တာဝန်ရှိပုဂ္ဂိုလ်များအား ကိုယ်အပူချိန် တိုင်းတာခြင်း၊  တစ်ဦးနှင့်တစ်ဦး  ၆ ပေကွာနေရာသတ်မှတ်ပေးပြီး  အခမ်းအနားအား အောင်မြင်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း‌ ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပရေးကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးဥက္ကဋ္ဌ ဦးမင်းဇော်က အခမ်းအနားအား ကော်မတီမှချမှတ်ထားသော စည်းကမ်းချက် များနှင့်အညီ ပြင်ဆင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ သဝဏ်လွှာဖတ်ပွဲတွင်လည်း နေရာထိုင်ခင်းများ  ၆ ပေကွာ စီစဉ်ပေးသွားမည် ဖြစ်ကြောင်း၊  မြို့နယ်ကုတင်(၁၀၀) ဆေးရုံအုပ်ကြီး ဒေါက်တာစန်းဝင်းက ကျန်းမာရေး စစ်ဆေးမှုများအား စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးကြပြီး သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးကြကြောင်း သတင်းရရှိသည်။      

အောင်အောင်(ပြန်/ဆက်)