တုံတာ ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပြီး မြို့အဝင်/အထွက်ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် နေ့စဉ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း တုံတာမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ သိရသည်။
ထိုသို့စစ်ဆေးရာတွင် တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့အတွင်း နေထိုင်သည့် ဒေသခံပြည်သူများ အား ကိုဗစ်-၁၉ကူးစက်မြန်ရောဂါအကြောင်း အသိပညာပေးခြင်းများနှင့် မြို့အတွင်းသို့ ဝင်ရောက်လာသည့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ၊ မြို့အတွင်းဖြတ်သန်းသွားသည့် ပြည်သူများအား မြို့အဝင်ဂိတ်တွင် တစ်ဦးချင်း ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ နေရပ်လိပ်စာများကောက်ယူခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပြီး ဖြတ်သန်းသွားလာစေလျက်ရှိသည်။
တုံတာမြို့ မြို့အဝင်/အထွက် ကျန်းမာရေးစစ်ဆေးဂိတ်ကို ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၂၄ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ စစ်ဆေးဆောင်ရွက်ခြင်းများကို မြို့အဆင့် ဌာနဆိုင်ရာများနှင့် မြို့ကျန်း မာရေးဦးစီးဌာနမှ တာဝန်ရှိသူများက နေ့စဉ် စနစ်တကျ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
လှိုင်လှိုင်ငြိမ်း (ပြန်/ဆက်)