မြန်မာနိုင်ငံ ပရက်စ်ဘီတေးရီးယာန်းအသင်းတော်မှ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီထံသို့ အလှူငွေ ခြောက်သိန်း ပေးအပ်လှူဒါန်း

ရိခေါ်ဒါရ်      ဒီဇင်ဘာ     ၂၄

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစရေး ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံ ပရက်စ်ဘီတေးရီး ယာန်းအသင်းတော်ဌာနချုပ်မှ အလှူငွေကျပ် ခြောက်သိန်းကို ဒီဇင်ဘာ ၂၂ ရက်က ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး ကော်မတီထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ခြင်းလုပ်ငန်းအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်းကို မြန်မာနိုင်ငံ ပရက်စ်ဘီတေးရီးယာန်းအသင်းတော်ဌာနချုပ် (Presbyterian Church of Myanmar, General Assembly Office, Tahan- Kalay Myo) ကိုယ်စား ရိခေါ်ဒါရ်မြို့ရှိ ပရက်စ်ဘီတေးရီးယာန်းအသင်းတော် Lairam Synod မှ သိက္ခာတော်ရဆရာ ဦးလားလ်မှိန်းလျန်၊ Chin Synod မှ အသင်းအုပ်ဆရာ Pastor ထောင်းလှေဒွန်နှင့် Phai Synod မှ အသင်းထောက်လူကြီး ဦးလားလ်ပက်ထီးယန်းတို့က ပေးအပ်လှူဒါန်းပြီး ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီဥက္ကဌ (မြို့အုပ်ချုပ်ရေးမှူး) ဦးကျင်လမ်းခိုင်နှင့် ကော်မတီအဖွဲ့ဝင်များက လက်ခံပေးပြီး မြို့အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ရိခေါ်ဒါရ်မြို့သည် မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်မြို့တစ်ခုဖြစ်သည်နှင့်အညီ အိန္ဒိယနိုင်ငံဘက်မှ မြန်မာ နိုင်ငံသား နေရပ်ပြန်လာသူများရှိကြပြီး ပြည်ပနိုင်ငံမှ နေရပ်ပြန်လာ သူများ ကြိုဆိုလက်ခံရေး စခန်းတစ်ခုဖွင့်လှစ်ကာ နေ့စဉ်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ထားရှိကြောင်း၊ ပြည်ပနိုင်ငံများနှင့် ပြည်တွင်းရှိ Stay at Home သတ်မှတ်ထားသည့် ဒေသများမှ နေရပ် ပြန်လာသူများ အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိရန် Facility Quarantine Centre (၃)ခု၊ Hospital Quarantine (၁)ခု၊ Quarantine နေရာပေါင်း (၄)ခု စီစဉ်ထားရှိပြီး ယနေ့အထိ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိသူပေါင်း (၂၀၀)ဦးကျော် ရှိနေပြီဖြစ်ကြောင်း၊ မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် လူငယ် Volunteer အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး မြို့ဝင်မြို့ထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်များနှင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်တို့၌ နေ့ခင်းနှင့် ညဘက် တာဝန်ခွဲဝေကာ ပူးပေါင်းစောင့်ကြည့် စစ်ဆေးခြင်းကို ၂၄ နာရီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လာလ်ပက်လောမ် (ပက်ကာ)