နောင်ချို ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လိုက်နာဆောင်ရွက်ရမည့်အချက်များ စစ်ဆေးခြင်းပုံစံ Version2.0 နှင့်အညီ ဆောင်ရွက်ထားရှိသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရေး ချပြရှင်းလင်းခြင်းကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က နောင်ချိုမြို့ မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ရှင်းလင်းရာတွင် နောင်ချိုမြို့နယ်၊ စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးမျိုးဝင်းဇော်က ယခင်(A)အဆင့် သတ်မှတ်နိုင်သည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်(၃၅)ဆိုင် ပေးပို့ထားခဲ့သော်လည်း ယခု Version2.0 ညွှန်ကြားချက် နှင့် ကိုက်ညီသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်(၁၀)ဆိုင်သာ မြေပြင်ကွင်းဆင်းစစ်ဆေးချက်အရ တွေ့ရှိရကြောင်း၊ ကျန်ရှိနေသော (၂၅)ဆိုင်သည်လည်း သတ်မှတ်ချက်များနှင့် ကိုက်ညီအောင်ဆောင်ရွက်ပြီးပါက ကွင်းဆင်းစစ်ဆေးပြီး ပြန်လည် ဖွင့်လှစ် ခွင့်ပြုနိုင်ရေးကို စိစစ်သွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါရှင်းလင်းပွဲသို့ နောင်ချိုမြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင် (၃၅)ဆိုင်မှ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို-ပြန်/ဆက်)