ပြင်ဦးလွင် ဒီဇင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရပ်ကွက်/ကျေးရွာ များတွင် ကျန်းမာရေးစစ်ဆေးရေးဂိတ်များကို ဖွင့်လှစ်ထားရှိရာ အဆိုပါ စစ်ဆေးရေးဂိတ်များတွင် ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးတို့အတွက် ယနေ့နံနက်ပိုင်းက ရောဂါထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူများနှင့် လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းကာ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါ ကျန်းမာရေးစစ်ဆေးရေးဂိတ်များကို ရပ်ကွက် နှင့် ကျေးရွာများတွင် နေ့/ည တာဝန်များခွဲဝေပြီး ဖြတ်သန်းဝင်ရောက်သွားလာသူများကို ကျန်းမာရေး ညွှန်ကြားချက်နှင့်အညီ စစ်ဆေးမေးမြန်းဆောင်ရွက် စေခဲ့ပြီး သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်ကိုက်ညီမှသာ မိမိတို့ကျေးရွာ အတွင်းသို ဖြတ်သန်း ဝင်ရောက်စေပြီး ပိုးတွေ့ ဒေသများမှ လာရောက်သူများကို သက်ဆိုင်ရာသို့ အကြောင်းကြားပြီး ကျန်းမာရေး စောင့်ကြည့်စင်တာ များသို့ ဆက်လက်ပို့ဆောင်ပေးလျက်ရှိသည် ။
ဆက်လက်ပြီး စောင့်ကြည့်လူနာများ ထားရှိရန် ကျန်းမာရေးစင်တာများကို တိုးချဲ့ဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများ အနေဖြင့် တာဝန်ရှိသူ များနှင့် အတူ လက်တွဲပူးပေါင်းဆောင်ရွက်မှသာလျှင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေပြီး ရောဂါကိုကြိုတင် ကာကွယ်ထိန်းချုပ်နိုင်မည် ဖြစ်ပါကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည် ။
ဇော်မျိုးထိုက် (ပြင်ဦးလွင်)