ဟိုပုံး ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြည်နယ် ရန်ပုံငွေဖြင့် မိုးလုံလေလုံ အားကစားရုံ တည်ဆောက်ရန် ပန္နက်စိုက်ထူပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်အားကစားကွင်း အားကစားရုံ တည်ဆောက်မည့် မြေနေရာတွင် ပြုလုပ်ခဲ့သည်။
ပန္နက်ရိုက်ထူရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ မြို့နယ်အား ကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတို့က မိုးလုံလေလုံ အားကစားရုံတည်ဆောက်မည့်နေရာအား ပန္နက်ရိုက်ထူပေးခဲ့ကြပြီး အဆိုပါ မိုးလုံလေလုံ အားကစားရုံသည် အလျား ၁၅၀ ပေ၊ အနံ ၂၀ ပေ RC(၂)ထပ်ဖြစ်ပြီး အားကစားရုံအတွက် ပြည်နယ်ရန်ပုံငွေမှ ခွင့်ပြုရန်ပုံငွေကျပ် ၁၄၈.၅၀၀ သန်းဖြင့် တည်ဆောက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဟိုပုံး(ပြန်/ဆက်)