ကျောက်ဆည်မြို့နယ်အတွင်းရှိ ပဲမြစ်စိုက်ခင်းများ တူးဖော်‌ရောင်းချ

ကျောက်ဆည်  ဒီဇင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ယာမြေများပိုင်ဆိုင်သည့် တောင်သူများသည် ငရုပ်၊ ကြက်သွန်၊ နနွင်း၊ ပဲ၊ ပြောင်း၊ ဝါ စသည့်သီးနှံမျိုးစုံ စိုက်ပျိုးရောင်းချသည့်အပြင် ဆောင်းတွင်း သားရေစာ ဖြစ်သော ပဲမြစ်များပါ စိုက်ပျိုးရောင်းခြင်းများရှိကြောင်း သိရှိရသည်။

တောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုးသော ပဲမြစ်ခင်းများကို ကိုယ်တိုင်တူးယူရောင်းချခြင်း ပြုလုပ်သူ နည်းပါး ပြီး အခင်းပြတ်ရောင်းချမှုများ ပိုမိုများပြားကြောင်း သိရှိရသည်။ယခုအခါ ပဲမြစ်ပေါ်ချိန်တွင် ကိုဗစ်-၁၉ ရောကာ ဖြစ်ပွားချိန်နှင့်ကြုံနေရသဖြင့် ပဲမြစ်စိုက်တောင်သူများ အနေဖြင့် အကျိုးအမြတ်ရရှိမှု နည်းပါးမှုနှင့် ကြုံတွေ့ နေရကြောင်း သိရှိရသည်။

ပဲမြစ်တစ်ဧက စိုက်ပျိုးမည်ဆိုပါက မျိုးစေ့တစ်တင်းစိုက်ပျိုးရကြောင်း စိုက်ပျိုးပြီးပါက ရေတင်ခြင်း၊ မြေဆွခြင်း၊ ပေါင်းလိုက်ခြင်း၊ မြေဩဇာ ကျွေးခြင်း လုပ်ပေးရသောကြောင့် ကုန်ကျစရိတ်အနေဖြင့် ငွေကျပ်(၅) သိန်းကျော် ကုန်ကျကြောင်း ပြန်ရောင်းဈေးအနေဖြင့် ငွေကျပ်(၇)သိန်း သာရသောကြောင့် စိုက်ပျိုးချိန် ကြာမြင့်မှုနှင့် မိသားစုလုပ်အားခ ထည့်သွင်းတွက်ချက်ပါက  အကျိုးအမြတ်နည်း ပါးကြောင်း ဒွေးလှကျေးရွာမှ တောင်သူ ကိုယဉ်မင်းထွန်းက ပြောပြသည်။

သက်မောင်(ကျောက်ဆည်)