မိုင်းယောင်းမြို့နယ်တွင် နွေစပါး အထွက်နှုန်းကောင်းရန် ဘောင်စနစ်ဖြင့်ပျိုးထောင်

မိုင်းယောင်း ဒီဇင်ဘာ ၂၄

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် နွေစပါးအထွက်နှုန်းကောင်းရန် ဘောင်စနစ်ဖြင့် ပျိုးထောင်ခြင်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထိုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စိုက်ပျိူးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် ကွင်းဝန်ထမ်းများက နွေစပါး စိုက်ခင်းဘောင်စနစ်ဖြင့် ပျိုးထောင်ရန် ဘောင်စွဲ၊ ပျိုးကြဲခြင်း၊ ပလတ်စတစ်ဖြင့် အပူချိန်ရရှိစေရန် အမိုးကိုင်းများ ပြုလုပ်ခြင်း များကို  ဆောင်ရွက်ခဲ့သည်။

စိုက်ပျိူးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက နွေစပါးအထွက်နှုန်း မြင့်မားရေးအတွက် ဘောင်ပျိုးဖြင့် စပါးစိုက်နည်းများ၊ နွေစပါးအထွက်နှုန်းကောင်းရန် သတိပြုရမည့်အချက်များနှင့် စပ်လျဉ်း၍ “စပါးကို ဘောင်စနစ်နဲ့ စိုက်ပျိုး ကြရာမှာ မျိုးစပါးတွေကို ၁၀ ပြည်ထက်ပို၍ အသုံးမပြုရပါ၊ မျိုးစေ့ချပြီး သုံးရက်မှ ငါးရက်အတွင်း ပျိုးဘောင်တွေကို ရေမလွှမ်း စေရပါ၊ စပါးစိုက်ပျိုးရာတွင် ကောက်ပင်ရဲ့ အတိမ်၊ အနက် တစ်လက်မခွဲထက် မပိုစေရပါ၊ စပါးစိုက်ခင်းအား အမြဲမပြတ် ရေကို သွင်းထားခြင်း မပြုရ၊ ဓာတုပိုးသတ်ဆေးများ မလိုအပ်ဘဲ သုံးစွဲခြင်း မပြုရပါ”ဟု ပြောကြားသည်။

စိုင်းအောင်ဇော်လင်း