မိတ္ထီလာမြို့ ထီလာဦးမျက်စိအထူးကုဆေးရုံမှ မျက်စိဝေဒနာရှင်များအား အခမဲ့မျက်စိခွဲစိပ်ကုသပေး

 

မိတ္ထီလာ   သြဂုတ်   ၅

မိတ္ထီလာမြို့ ထီလာဦးမျက်စိအထူးကုဆေးရုံမှ မျက်စိဝေဒနာရှင်များအား အခမဲ့မျက်စိခွဲစိပ်ကုသပေးခြင်းကို ဩဂုတ်လ ၃ ရက်နေ့နံနက်က ခွဲစိတ်ကုသပေးခဲ့ကြောင်း ထီလာဦးမျက်စိအထူးကုဆေးရုံမှ သိရသည်။

ကျေးလက်ဒေသများတွင် သီတင်းသုံးနေထိုင်တော်မူကြကုန်သော သာသနာ့ဝန်ထမ်းများဖြစ်ကြသည့် ရဟန်းသံဃာများ၊ သီလရှင်များနှင့် အသက်အရွယ်ကြီးသည့် အဘိုးအဘွားများအား စက္ခုနှစ်ကွင်းအလင်းရရှိကောင်းမွန်စေရန် ရည်ရွယ်၍ လစဉ် လပြည့်နေ့တိုင်း အခမဲ့ခွဲစိပ်ကုသပေးလျက်ရှိရာ (၁၃၃) ကြိမ်မြောက်ရှိပြီဖြစ်ပြီး ပျော်ဘွယ်၊ ရမည်းသင်း၊ တပ်ကုန်း၊ သာစည်၊ တောင်ကြီး၊ မလှိုင်၊ တောင်သာ၊ ရပ်စောက်၊ အောင်ပန်း၊ လာရှိုး၊ ဝမ်းတွင်းမြို့များနှင့် မိတ္ထီလာမြို့နယ်အတွင်းရှိကျေးရွာများတွင် သီတင်သုံးတော်မူကြကုန်သော သာသနာ့ဝန်ထမ်းများဖြစ်သည့် ရဟန်းသံဃာများ၊ သီလရှင်များနှင့် အဘိုးအဘွားများ လာရောက်ခွဲစိတ်ကုသမှုခံယူခဲ့ရာ ယနေ့အထိ  ရဟန်းသံဃာ၊  သီလရှင်နှင့် လူပုဂ္ဂိုလ်အပါအဝင် မျက်စိအခမဲ့ခွဲစိတ်ကုသပေးသည့် မျက်စိဝေဒနာရှင် (၄၅၀၀) ခန့်အထိ ခွဲစိပ်ကုသပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထိုသို့ ခွဲစိတ်ကုသပေးရာတွင် ရေတိမ်၊ အတွင်းတိမ်များကို အဓိကခွဲစိပ်ကုသပေးပြီး ခွဲစိပ်ပြီးလူနာများကို ဆေးဝါးများနှင့်အတူ နေကာမျက်မှန်၊ ပါဝါမျက်မှန်များကိုပါ ပေးအပ်လှူဒါန်းခဲ့ကြောင်း၊ လစဉ်လပြည့်နေ့တိုင်း အခမဲ့ခွဲစိပ်ကုသပေးလျက်ရှိရာ ဝါဆိုလပြည့်နေ့ဖြစ်သည့် သြဂုတ်လ ၃ ရက်နေ့တွင် ရဟန်းသံဃာ (၉) ပါး၊ သီလရှင် (၂) ပါးနှင့် လူပုဂ္ဂိုလ် (၂) ဦးတို့ကို အခမဲ့ခွဲစိပ်ကုသပေးခဲ့ကြောင်း ထီလာဦးမျက်စိအထူးကုဆေးရုံမှ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာခင်ဇော်ထွန်းက ပြောကြားခဲ့သည်။

ထိုသို့ခွဲစိတ်ကုသပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လူစုလူဝေးမရှိစေရန် မျက်စိဝေဒနာရှင် ၁၀ ဦးမှ ၁၅ ဦးအထိသာ အခမဲ့ခွဲစိတ်ကုသပေးလျက်ရှိကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)