သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ခင်းများတွင် ပိုးသတ်ဆေးဖျန်းခြင်းအား လက်တွေ့သရုပ်ပြသခြင်းကွင်းဆင်းဆောင်ရွက်

သီပေါ ဒီဇင်ဘာ ၂၄

ပြောင်းသီးနှံစိုက်ခင်းများ ပိုးမွှားရောဂါကျရောက်မှုအား ဓာတုပိုးသတ်ဆေး တစ်မျိုးတည်း အသုံးမပြုဘဲ ဘက်စုံသီးနှံကာကွယ်ရေး စနစ်တို့ဖြင့် ကာကွယ်နှိမ်နင်းတတ်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းဦးနှင့် ဝန်ထမ်းများက လောင်ခွန်ကျေးရွာအုပ်စုရှိ ပြောင်းစိုက်တောင်သူများ၏ ပြောင်းစိုက်ခင်းတွင် ယမန်နေ့ နံနက်ပိုင်းက တမာပိုးသတ်ဆေးဖျန်းခြင်းနှင့် ပိုးသတ်ဆေး စနစ်တကျ ကိုင်တွယ်ပက်ဖျန်းခြင်းကို လက်တွေ့ သရုပ်ပြသကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းဦးက ပြောင်းစိုက်ခင်းများနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် ကျရောက်ဖျက်ဆီးတတ်သော ပိုးမွှားများအား ဓာတုဆေး တစ်မျိုးတည်းဖြင့် ဆေးမဖျန်းဘဲ ဘက်စုံကာကွယ်နှိမ်နင်းနည်းများနှင့် အသုံးပြုစေလိုကြောင်း၊ ပိုးသတ်ဆေး သုံးစွဲရာတွင်လည်း စနစ်တကျကိုင်တွယ် သုံးစွဲစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆေးဖျန်းဝတ်စုံဖြင့် တမာပိုးသတ်ဆေး စနစ်တကျ ကိုင်တွယ်ပက်ဖျန်းနည်းစနစ်များအား လက်တွေ့ပက်ဖျန်းသရုပ်ပြသခဲ့ကြကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)