ဟိုပုံး ဒီဇင်ဘာ ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်ရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ်(၉၆.၉၇၄)သန်းဖြင့် ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ကျားတောင်-ကောင်ပန်တန်း ကျောက်လမ်း((၆/၀)မိုင် အနက်(၂/၂)မိုင် ကတ္တရာ ထပ်ပိုးလွှာခင်းပြီး ကျန် (၃/၆)မိုင်မှ (၁/၀)မိုင်အား ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းစတင်ဆောင်ရွက်လျက်ရှိရာ ဟိုပုံးမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများသည် လုပ်ငန်းအချိန်မီ ပြီးစီးရေးနှင့် အရည်အသွေးကောင်းမွန်ရေးအတွက် ဒီဇင်ဘာ(၇)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ရာ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း(၁/၀)မိုင် အနက်(၀/၆)မိုင် ပြီးစီးပြီ ဖြစ်သည်။
အဆိုပါကျောက်လမ်း(၆/၀)မိုင်အား ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းပြီးစီးပါက ဆီဆိုင် မြို့နယ်တစ်ခုလုံးနှင့် ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ တောင်ကြီးမြို့နယ်များသို့ သွားလာရန် ယခင်ကထက် ပိုမိုလွယ်ကူမှုရှိပြီး ဒေသတွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာကြောင်း ကျေးရွာအုပ်စု(၂)အုပ်စု၊ ကျေးရွာ(၁၀)ရွာ၊ အိမ်ခြေ(၆၅၆)အိမ်၊ အိမ်ထောင်စု(၆၇၀)စု၊ လူဦးရေ (၃၀၈၂)ဦးခန့်၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးကဏ္ဍများ ယခင်ထက်ပိုမိုဖွံ့ဖြိုးတိုး တက်လာမည်ဖြစ်ပြီး ယင်းဒေသရှိ တောင်ယာစိုက်ပျိုးသည့် တောင်သူများအနေဖြင့်လည်း မိမိဒေသထွက် ကုန်များအား ဈေးကွက်သို့အချိန်တိုအတွင်း အလွယ်တကူတင်ပို့ ရောင်းချနိုင်ပြီး ဝင်ငွေမြင့်မားလာကာ လူမှုစီးပွားဘဝများတိုးတက်လာမည်ဖြစ်သည့်အပြင် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုး တိုးတက်မှုသည်လည်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာခြင်းကြောင့် အချိန်တိုအတွင်း တိုးတက်ပြောင်းလဲလာမည်ဖြစ်ကြောင်း သိရသည်။
ဟိုပုံး(ပြန်/ဆက်)