ကွတ်ခိုင် ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ Facility Quarantine Centre တွင် အသွားအလာကန့်သတ်ထားသူ အမျိုးသား တစ်ဦးထံ၌ ယမန်နေ့ မွန်းလွဲပိုင်းတွင် ကိုဗစ်အတည်ပြုအဖြေ ထပ်မံတွေ့ရှိတယ်လို့ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးထံမှ သိရသည်။
အဆိုပါ ကိုဗစ်အတည်ပြု လူနာသည်ဒီဇင်ဘာလ(၁၈)ရက်နေ့၌ ဖားကန့်မြို့မှ ကကွတ်ခိုင်မြို့သို့ ရောက်ရှိလာသူဖြစ်ပြီး အသွားအလာကန့်သတ်ခံထားရသူဖြစ်ကြောင်း မြို့နယ်ဆေးရုံအုပ် ဒေါက်တာဝင့်ဝင့်မြိုင်က အတည်ပြုပြောကြားသည်။
“ထပ်ပြီး ပိုးတွေ့တဲ့သူက ဖားကန့်က ပြန်လာတဲ့ သူဖြစ်ပါတယ်၊ အသက် (၂၉)အရွယ် အမျိုးသားဖြစ်ပြီးတော့ အသွားအလာကန့်သတ်တာခံထားရတဲ့ သူဖြစ်ပါတယ်၊ ကျန်းမာရေးကတော့ ကောင်းမွန်တယ်၊ လက်ရှိမှာ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးနေတယ်” ဟု ဒေါက်တာဝင့်ဝင့်မြိုင်က ပြောကြားသည်။
လက်ရှိ ကွတ်ခိုင်မြို့တွင် ကိုဗစ်အတည်ပြုလူနာ (၂)ဦးရှိပြီး ကွတ်ခိုင်မြို့နယ်အတွင်း (၆)ဦးမြောက် အတည်ပြုလူနာတွေ့ရှိခဲ့ခြင်းဖြစ်ကာ ယခင် တွေ့ရှိခဲ့သည့် အတည်ပြု လူနာ (၄)ဦးမှာ ကိုဗစ်−၁၉ရောဂါ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့် ရရှိခဲ့ပြီး ဖြစ်သည်။
ကွတ်ခိုင်မြို့၌ အနယ်အနယ်အရပ်ရပ်မှ ပြန်လာသူများအား Quarantine Center အသီးသီးတွင် အသွားအလာကန့်သတ်ထားပြီး အသွားအလာကန့်သတ်ထားသူ ကျား/မ (၁၆၈)ဦး ရှိကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)