လောင်းလုံး ဒီဇင်ဘာ ၂၃
တနင်္သာရီတိုင်း ဒေသကြီး၊ လောင်းလုံး မြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗထူးခန်းမတွင် ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထူးက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလ ဖြစ်သည့်အတွက် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် တက်ရောက်လာသူများမှလည်း အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေး ပေးရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်မည့် နေရာ ရွေးချယ်ခြင်း၊ ရောင်စုံမီးတပ်ဆင်ထွန်းညှိခြင်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီဆောင်ရွက်သွားမည့် အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ လွတ်လပ်ရေး ကျောက်တိုင်တွင် ကျင်းပပြုလုပ်သွားရန် ဆုံးဖြတ်ချက်ချခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါ အစည်း အဝေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ ကျင်းပဆောင်ရွက် ခဲ့ကြောင်း သိရသည်။
သိန်းသိန်း( ပြန်/ဆက်)