ပင်လောင်း ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် နှာခေါင်းစည်းတပ်ဆင်ခြင်းလှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများကို မြို့မဈေးရှေ့ မင်းလမ်းမပေါ်နှင့် မြို့မဈေးအတွင်း၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ နှာခေါင်းစည်းတပ်ဆင်ခြင်းလှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။
နေအိမ်ပြင်ပသို့ သွားရောက်သည့်အခါ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသည့် လမ်းသွားလမ်းလာများ၊ မြို့နယ်ရှိ ပြည်သူများကို ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်စေခြင်း၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာ နေထိုင်လုပ်ကိုင်ခြင်း၊လက်ကို ဆပ်ပြာ/လက်သန့်စင်ဆေးရည်ဖြင့် မကြာခဏဆေးကြောခြင်း၊ တစ်ဦးကိုတစ်ဦးအသိပေးခြင်းနှင့် သတိပေးခြင်း၊ မြို့မဈေးသို့ မဖြစ်မနေ ဈေးရောင်း/ ဈေးဝယ်သူများအနေဖြင့် နှာခေါင်းစည်း တပ်ဆင်၍ ဈေးရောင်း/ဈေးဝယ်မှုများ ဆောင်ရွက်စေခြင်းစသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲမင်းပိုင်(ပင်လောင်း)