ကျောက်ပန်းတောင်းမြို့နယ် အိုးအိုင်ကျေးရွာတွင် မိုးစပါး မျိုးစေ့ထုတ်စံပြကွက် စံကွက်ရိတ်သိမ်းခြင်းနှင့် ကွင်းသရုပ်ပြ ပွဲပြုလုပ်

ကျောက်ပန်းတောင်း ဒီဇင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် သဲဗုဒ္မကျေးရွာအုပ်စု၊ အိုးအိုင်ကျေးရွာတွင်မိုးစပါး မျိုးစေ့ထုတ် စံပြကွက်၊ စံကွက်ရိတ်သိမ်းခြင်းနှင့် ကွင်းသရုပ်ပြပွဲကို၊ ယနေ့ နံနက်(၈)နာရီက ကွင်းအမှတ်(၂၂၇၃) တောင်သူ ဦးဝင်းဌေး၏ (၀.၁၀)ဧကရှိ ကွင်းတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါကွင်းသရုပ်ပြပွဲတွင် တက်ရောက်လာသည့် စပါးစိုက်တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးအေးမော်က အသိပညာပေးရှင်းလင်းရာတွင် တောင်သူများအနေဖြင့် ဒေသနှင့်ကိုက်ညီပြီး၊ အထွက်ကောင်း၊ ဈေးကွက်ကောင်းသောမျိုးများကိုစမ်းသပ်စိုက်ပျိုးရာတွင် ရွှေဘိုပေါ်ဆန်းဘေးကြား စပါးမျိုး၏ အရည်အချင်းလက္ခဏာနှင့် အထွက်နှုန်းကို တောင်သူများလက်တွေ့လေ့လာနိုင်စေရန် ယခုကဲ့သို့ ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။ စံကွက်ရိတ်သိမ်းခြင်းနှင့်ကွင်းသရုပ်ပြပွဲကို မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်လယ်ယာမြေစီမံခန့်ခွဲ ရေး နှင့်စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ တောင်သူများ စုစုပေါင်း(၂၈)ဦးတက်ရောက်ခဲ့ကြကြောင်းသိရပြီး၊စံပြကွက် (၀.၁၀) ဧကရိတ်သိမ်းရာတွင် တစ်ဧကအထွက်နှုန်းအနေဖြင့် စပါးအစို(၈၀)တင်းထွက်ရှိကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)