တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ် MSME ပြပွဲပြိုင်ပွဲ ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပုသိမ် စက်တင်ဘာ ၂၉

သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ် MSME ပြပွဲပြိုင်ပွဲ ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းကတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင်ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်‌မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာသီတင်းကျွတ်ပွဲတော်အထိမ်းအမှတ် MSME ပြပွဲ၊ ပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲ အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ၊ နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က “သီတင်းကျွတ်ကာလ ပွင့်လင်းရာသီရောက်ပြီဖြစ်ရာ လာမည့်ခရီးသွားရာသီတွင် တိုင်းဒေသကြီးအတွင်း ခရီးသွားများပိုမို လာရောက်လည်ပတ်နိုင်ရေးအတွက် ခရီးစဉ်များဖော်ထုတ်ခြင်းအပြင် MSME လုပ်ငန်းများဖြင့်လည်း ဆွဲဆောင်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ၃ မိုင်ပတ်လည် Green Zone ဖော်ဆောင် လျက်ရှိရာ ပီပီပြင်ပြင်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ် MSME ပြပွဲ၊ ပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်ကိုပြုလုပ်ခြင်းသည် ဒေသတွင်းရှိ ကုန်ကြမ်းများကို အခြေခံသည့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအား ထုတ်ဖော်ပြသခြင်းဖြစ်ကြောင်း၊ MSME ပြပွဲပြိုင်ပွဲတွင် ပါဝင်ပြသယှဉ်ပြိုင်နိုင်ရေးအတွက်အရည်အသွေးကောင်းမွန်သည့် ကုန်ပစ္စည်းများရွေးချယ်ပြီး ကုန်ပစ္စည်းများခင်းကျင်း ပြသရာတွင်လည်း ထုပ်ပိုးမှုစနစ်ကောင်းကောင်းဖြင့် ဆွဲဆောင်မှုရှိအောင် ဝေဝေဆာဆာဖြင့် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ယခုဆောင်ရွက်ချက်များသည် မှတ်တမ်းမှတ်ရာများအဖြစ် ကျန်ရှိမည်ဖြစ်ရာ ပြည်သူပါဝင်ပြီး ကဏ္ဍစုံလင်စွာ ဘက်စုံထောင့်စုံပြည့်စုံမှုရှိစေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် ” အမှာစကားပြောကြားသည်။

ထို့နောက် သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ် MSME ပြပွဲ၊ ပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲ ရွှင်ပွဲ အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ၊ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ် MSME ပြပွဲ၊ ပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲ ရွှင်ပွဲ အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူးတို့က MSMEပြပွဲပြိုင်ပွဲအတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှု၊ ကော်မတီများဖွဲ့စည်းထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် အစည်းအဝေးသို့တက်ရောက်လာသည့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်ကဖြည့်စွက်ဆွေးနွေးခဲ့ပြီး သီတင်းကျွတ်ပွဲတော် အထိမ်းအမှတ် MSME ပြပွဲပြိုင်ပွဲ ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)