ချီဖွေမြို့၌ တစ်နိုင်တစ်ပိုင်သစ်ကြားသီးစိုက်ခင်းမှ မိသားစုဝင်ငွေရရှိ

ချီဖွေ   ဒီဇင်ဘာ  ၂၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နှင့်(၅)မိုင်(၂)ဖာလုံခန့်အကွာ ဘာလဲ့ဝမ်ထယ် ကျေးရွာချင်းဆက် လမ်းပေါ်တွင် တည်ရှိသည့် တစ်နိုင်တစ်ပိုင် ဝမ်ထယ်သစ်ကြားသီးစိုက်ခင်းမှ မိသားစုဝင်ငွေ ရရှိလျက် ရှိကြောင်း သိရှိရသည်။

“သစ်ကြားသီးစိုက်နည်းကတော့ ပထမဦးဆုံး သစ်ကြားသီးအရိုင်းသီးကောက်ပြီး ပျိုးထားရပါတယ်။ သစ်ကြားသီး အရိုင်းသီးပျိုးပင် တစ်လက်မ ခန့်လောက် ကြီးလာတဲ့အချိန်မှာ သစ်ကြားသီးအယဉ်ကိုင်းနှင့် ကိုင်းဆက်ပြီး စိုက်ပျိုးရပါတယ်။ ကျွန်တော်တို့ တောင်ပေါ်ဒေသမှာတော့ မိရိုးဖလာရွှေ့ပြောင်း တောင်ယာခုတ်ပြီး တောင်ယာခင်းမှာ စပါး၊ ပြောင်း၊ ရာသီပေါ် သီးနှံတွေစိုက်စားကြပါတယ်။ ရာသီပေါ် တောင်ယာ စိုက်ခင်းကနေ နှစ်ရှည်ပင်အနနဲ့ ကျွန်တော်က သစ်ကြားသီးပင် စိုက်ခဲ့တာပါ။ ကိုင်းဆက်ပြီး တစ်နှစ် သက်တမ်းရမှ ပြောင်းရွှေ့ စိုက်ရပါတယ်။ တစ်ပင်နဲ့တစ်ပင် အနည်းဆုံးပေ (၂၀)လောက်ကွာပြီး စိုက်ရတယ်။ ကိုင်းဆက်ကူးထားတဲ့ အပင်ပြောင်းရွှေ့ စိုက်တာ(၅)နှစ် လောက်ဆို အသီးစသီးပါပြီ” ဟုသစ်ကြားသီး စိုက်တောင်သူ ဦးအက်စ်လန်းဘောမ်က သစ်ကြားပင် စိုက်ပျိုးပုံကို ရှင်းလင်းကာ ချီဖွေမြို့ပေါ်တွင် ဝမ်ထယ်စိုက်ခင်းတစ်ခင်းသာ သစ်ကြားသီး စိုက်ပျိုးခြင်း ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ ကိုင်းကူးဆက်ပြီး (၅)နှစ်ခန့်ရှိသည့် သစ်ကြားပင်မှ ဧပြီလတွင်သစ်ကြားသီး အပွင့်ပွင့်ကာ မေလကုန်ခါနီးတွင် အကင်းသီးစသီးပြီ စက်တင်ဘာလ ပထမပတ်နောက်ပိုင်းတွင် အသီးမှည့်၍ အသီးအာပြီး မြေပေါ်ကျလာသည့်အခါ သစ်ကြားသီးကောက်ယူ၍ စတင်ရောင်းချ ကာ ၎င်းလုပ်ငန်းမှ မိသားစုပုံမှန်ဝင်ငွေ ရရှိကြောင်း သိရသည်။

ချီဖွေမြို့နယ် ချန်းမော်ခုံးဒေသ ဖီမော်၊ ထန်းဒုံ၊ကန့်ဖန့်၊ ဂလန် အအေးပိုင်းဒေသတွင်အများဆုံး စိုက်ပျိုးပြီး၊ အအေးကြိုက်သည့် ကိုင်းဆက် နှစ်ရှည်ပင်မျိုးဖြစ်ကြောင်းနှင့် ပန်ဝါဘက်တွင်တော့ တစ်နိုင်တစ်ပိုင် သစ်ကြားသီး စိုက်ပျိုးကြကြောင်းသိရှိရသည်။

နန်းမြင့်(ပြန်/ဆက်)