ကျော့ပိုက်လုပ်ငန်းရှင်များ မျှင်မရသည့်အချိန်တွင် အခြားငါးများရရှိသည့်အတွက် ဝင်ငွေကောင်း

ရွှေသောင်ယံ   ဒီဇင်ဘာ   ၂၄

ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့နှင့် ကျေးရွာအုပ်စုရှိ ကမ်းခြေရွာများတွင် ရေလုပ်သားများမှာ ယခုလို မျှင်ရာသီ ချိန်များတွင် မျှင်ကျော့ပိုက်ဖေါင်များဖြင့် ပင်လယ်ပြင်တွင် မျှင်အုပ်များရှာဖွေ၍ မျှင်ကျော့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မျှင်များအပြင် အခြားငါးများပါ ရရှိ၍ ရေလုပ်သားများအဖို့ တွက်ခြေကိုက် ဝင်ငွေကောင်းလျက်ရှိသည်။

ရွှေသောင်ယံမြို့၊ ဘော့မိကျေးရွာအုပ်စုမှ အိမ်ခြေ(၂၀)ကျော်ခန့်သာရှိသော မီးလင်းဂျိုင် ကျေးရွာတွင်လည်း ကျော့ပိုက်လုပ်ငန်းဖြင့် စီးပွားရှာဖွေသူ များရှိနေပြီး အဆိုပါကျေးရွာတွင် ကျော့ပိုက်(၂)ဖောင်ခန့်ရှိကြောင်း၊ ၎င်းကျေးရွာမှ ဦးထိန်ဝင်း၏ ကျော့ပိုက်တွင် ယမန်နေ့က ဒေသအခေါ် (ငါးသပိတ်) ငါးများအချိန်(၁၆၀၀)ခန့်ရရှိ၍ ပိုင်ရှင်နှင့်ရေလုပ်သားများ တွက်ခြေကိုက် အဆင်ပြေ လျက်ရှိကြောင်း သိရသည်။

ငါးသလောက်နှင့်ဆင်တူသည့်ယခု(ငါးသပိတ်) ငါးများကို ယခုအခါ တစ်ပိဿာ(၃၀၀) ဈေးသာ ရောင်းချရကြောင်း သိရသည်။ မီးလင်းဂျိုင်ကမ်းခြေသည် Supreme Trading Co-ltd 1390MW.LNG Project မှလုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေသော ကမ်းခြေတစ်ခုဖြစ်ကြောင်း သိရသည်။

ကိုကိုမောင် (ပြန်/ဆက်)