နောင်တရား ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် မြင်းတွင်းကျေးရွာအုပ်စု၊ မြင်းတွင်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ စေတနာအဖွဲ့နှင့် ဒေသခံပြည်သူများ ပူးပေါင်း ဆောက်လုပ်သည့် ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ ယနေ့ နံနက် ၁၀ နာရီ တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။
ရှမ်းပြည်နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးခွန်စောအောင်၊ ပင်လောင်းမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့်၊ မြို့နယ်ပညာရေးမှူး ဦးထိန်ဝင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းထီးဆိုင်၊ စေတနာအဖွဲ့ စီမံကိန်းဒေသ ဒါရိုက်တာ ဒေါ်အေးအေးသန့် နှင့် ဒေသခံတစ်ဦးတို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
အဆိုပါကျောင်းဆောင်သစ်ကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပံ့ပိုးကူညီမှု၊ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေထောက်ပံ့ကူညီမှုဖြင့်၊ စေတနာအဖွဲ့နှင့် ဒေသခံပြည်သူများ ဆောက်လုပ်သော အုတ်ညှပ်အမျိုးအစား ပေ(၁၂၀×၃၀) တစ်ထပ်ကျောင်းဆောင်(၁)ဆောင်၊ ငါးခန်းတွဲ ရေလောင်းအိမ်သာ(၁)လုံး၊ ပေ(၄×၄×၄)အရွယ် မိုးရေလှောင်ကန် (၂) ကန်၊ အလံတိုင်၊ ကျောင်းသားစာရေးခုံနှင့် ထိုင်ခုံ(၅၀)စုံ၊ ဆရာ၊ဆရာမ စားပွဲနှင့် ထိုင်ခုံ(၅)စုံ၊ Whiteboard (၁၀)ချပ် ပါဝင်ကြောင်းသိရသည်။ ကျောင်းဆောင်သစ်အတွက် စေတနာ၊ နိပွန်ဖောင်ဒေးရှင်းမှ ပံ့ပိုးငွေကျပ် (၅၇၁၂၁၄၉၅)နှင့် ဒေသခံပြည်သူများမှ ပူးပေါင်းပါဝင်ငွေ ကျပ်(၁၁၃၂၀၂၀၀)တို့ဖြစ် ဆောက်လုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းဆောင်သစ်နှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများကို စေတနာအဖွဲ့မှ မြို့နယ် ပညာရေးမှူးသို့ လွှဲပြောင်းပေးအပ်ပြီး စေတနာအဖွဲ့မှ ကျေးရွာဒေသဖွံ့ဖြိုးရေး ကော်မတီသို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေကျပ် (၉၀၀၀၀၀၀)ကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)