မြစ်ကြီးနားမြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံး၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်ကြီးနား  ဒီဇင်ဘာ ၂၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံးတွင် အချိန်တိုအတွင်း ပြည်သူတွေရဲ့လိုအပ်ချက်ကို အရှိန်အဟုန်မြင့် ဆောင်ရွက်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ကိုဗစ်-၁၉ ကာလဖြစ်သော်လည်း ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဆောင်ရွက် ပေးနိုင်ရန်အတွက် ပြည်သူ့ဝန်ဆောင်မှုရုံးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ နှင့်အညီ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ပြည်သူ့ဝန်ဆောင်မှုရုံးတွင် သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ပြည်သူတွေရဲ့ လိုအပ်ချက်များ၊ အခက်အခဲများ ပေါင်းစပ်ညှိနှိုင်းပြီး ပြည်သူတွေအားကိုးသည့် နေရာဖြစ်လာအောင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ ပြည်သူများကို ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများကို သက်ဆိုင်ရာဌာနအလိုက် အသီးသီးညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံးတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ဘူးဂါးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာ၊ မြန်မာ့အာမခံ လုပ်ငန်းစသည့် ဌာနများမှ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ယော်ဆောင်(ပြန်/ဆက်)