ချင်းရွှေဟော် ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၃၁)ဦးအား ချင်းရွှေ ဟော်မြို့၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးသက်ဦးပိုင် နှင့်ကော်မတီ အဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ယနေ့ နံနက်(၁၁)နာရီခွဲအချိန်က လားရှိုးမြို့သို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။
အဆိုပါ မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၃၁)ဦးမှာ အမျိုးသား(၁၆)ဦး၊အမျိုးသမီး(၁၅)ဦးတို့ဖြစ်ကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်မှ(၂)ဦး၊ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်မှ(၂)ဦး၊ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် မှ(၂)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှ(၁)ဦး၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှ(၁)ဦး၊ ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်မှ (၁၅)ဦး၊ လားရှိုးမြို့နယ်မှ(၂)ဦး၊ ကွတ်ခိုင်မြို့နယ်မှ(၁)ဦး၊ နမ့်ဆန်မြို့နယ်မှ(၁)ဦး၊ ကျောက်မဲမြို့နယ်မှ(၁)ဦး၊ မိုင်းကိုင်မြို့နယ်မှ(၁)ဦး မိုင်လုံမြို့နယ်မှ(၁)ဦးနှင့် ဆီဆိုင်မြို့နယ်မှ(၁)ဦးတို့ဖြစ်သည်။
၎င်းနေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် အသွား အလာကန့်သတ်စောင့်ကြပ်ထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက ပထမအကြိမ် Rapid Test Kit စနစ်ဖြင့်စစ်ဆေးခြင်းနှင့် ဒုတိယအကြိမ်အဖြစ် ၎င်းတို့၏ ဓါတ်ခွဲနမူနာ Swab များအားထပ်မံရယူ၍ မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ နှစ်ကြိမ်ဆက်တိုက် ကိုဗစ်-၁၉ရောဂါပိုးမတွေ့ရှိရကြောင်းသိရ၍ ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာဒေသများသို့ ရောက်ရှိနိုင်ရေ:အတွက် စနစ်တကျ စီစဉ် လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)