ငပုတော ဒီဇင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့၌ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များလုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုက ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ရေးဆွဲထားသည့် မြို့နယ်အတွင်း သံသယလူနာများ နှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့် Lock Down ပြုလုပ်နိုင်မည့် လုပ်ငန်းစီမံချက်များအား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အကြီးတန်းစာရေးက ဖတ်ကြားရှင်းလင်း တင်ပြသည်။
ထို့နောက် မြို့နယ်ကိုဗစ်-၁၉ ကော်မတီဝင်များက စီမံချက်များနှင့် ပတ်သက်၍ ဖြည့်စွက် နှုတ်ပယ်လိုသည်များကို တစ်ဦးချင်းအလိုက် အကြံပြုတင်ပြခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများနှင့် စေတနာ့ဝန်ထမ်းများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)