နမ္မတူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်တွင်းလေယာဉ်ခရီးစဉ်များတွင် လိုက်ပါစီးနင်းမည့် ခရီးသည်များအား ခရီးသွားမည့်ရက်ထက် တစ်ရက်ကြိုတင်၍ ဓာတ်ခွဲနမူနာရယူစစ်ဆေးပေးမည်

နမ္မတူ  ဒီဇင်ဘာ ၂၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ပြည်တွင်းလေယာဉ် ခရီးစဉ်များတွင် လိုက်ပါ စီးနင်းမည့် ဒေသခံပြည်သူ ခရီးသည်များအား ခရီးသွားမည့်ရက်ထက် တစ်ရက်ကြိုတင်၍ နေ့စဉ် (ရုံးပိတ်ရက်) အပါအဝင် နံနက် (၉)နာရီမှ ညနေ (၄)နာရီ အထိ ရုံးဖွင့်ချိန်အတွင်း နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံ၌ ဓါတ်ခွဲနမူနာ ရယူစစ်ဆေးပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ပေးရာတွင် ပြည်တွင်းလေယာဉ်ခရီးစဉ်ဖြင့် ခရီးသွားမည့် ဒေသခံပြည်သူများအနေဖြင့် လေယာဉ်လက်မှတ်၊ နိုင်ငံသား စိစစ်ရေးကတ်ပြား (သို့မဟုတ်) အခြားသက်သေခံ အထောက်အထားနှင့် (၆)လအတွင်း ရိုက်ကူးထားသည့် ဓာတ်ပုံ (၁)ပုံ ယူဆောင်လာရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓာတ်ခွဲနမူနာရယူစစ်ဆေးကာ ပြည်တွင်းလေယာဉ်ခရီးစဉ်ဖြင့် ခရီးသွားမည့် ဒေသခံပြည်သူများအား နမ္မတူမြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွန်ချက်များနှင့်အညီ စစ်ဆေးဆောင်ရွက်ပေးကာ ရောဂါပိုးမတွေ့ရှိကြောင်း ထောက်ခံချက်ထုတ်ပေးခြင်းနှင့် ရောဂါပိုးတွေ့ရှိပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းများအတိုင်း ကုသမှုပေးသွားမည် ဖြစ်ကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

လူမော် (ပြန်/ဆက်)