ကော့သောင်း၊ ဒီဇင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၌ ခရိုင်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဟံသာဝတီအစည်းအဝေး ခန်းမတွင် Social Distancing နှင့်အညီကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ကြည်အေးက ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေ(၂၀၁၉ခုနှစ်)ပါ အကြောင်း အရာများ၊ ကလေး သူငယ်ဆိုင်ရာ အခွင့်အရေးများ ဆိုင်ရာ ခံစားခွင့်များကိုပြည့်ပြည့်ဝဝခံစားခွင့်ရှိရေးနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှပံ့ပိုး ကူညီဆောင်ရွက်မည့်အချက်များ၊ကလေးသူငယ်နှင့်အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးဆောင်ရွက်ပေးမှုများနှင့် အစည်းအဝေး (၁/၂၀၂၀) ဆုံးဖြတ်ချက်များ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ကော့သောင်းမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်များမှ မြို့နယ်အဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မြို့နယ်အလိုက် ကလေးသူငယ်ဆိုင်ရာအခွင့် အရေးများ၊ အရေးများ၊ဥပဒေဆိုင်ရာများနှင့်လုပ်ထုံးလုပ်နည်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ကော်မတီဝင်ဌာနဆိုင်ရာများပူးပေါင်း၍အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို အသီးသီး ရှင်းလင်းတင်ပြ ဆွေးနွေးကြသည်။
ယင်းနောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးမှူး ဒေါ်သီသီအေး က ခရိုင်အတွင်းကလေး သူငယ်များနှင့်ပတ်သက်၍ မိမိတို့ဦးစီးဌာန ၏ဆောင်ရွက်ချက်များအားလည်းကောင်း၊ World Vision Myanmar(ကော့သောင်း)မှ စီမံကိန်းမန်နေဂျာ နော်ဒီဘိုးရာက မိမိတို့အဖွဲ့အနေဖြင့် ကော့သောင်းခရိုင်အတွင်း ကလေးသူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှု အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။
ထိုနောက်တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ NGO အဖွဲ့များ မှ တာဝန်ရှိသူများက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ မိမိတို့ဌာန/အဖွဲ့အစည်းအလိုက် ဆောင်ရွက်နေမှု အခြေအနေများနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုအခြေအနေများ၊ ဆက်လက် ဆောင်ရွက် အကောင်အထည် ဖေါ်ဆောင်မည့် ရှေ့လုပ်ငန်းစဉ်အခန်းကဏ္ဍများအား တင်ပြဆွေးနွေးခဲ့ကြပြီး ကော့သောင်းခရိုင်၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ မှနိဂုံးချုပ်ပြောကြားကာ အစည်းအဝေးအားရုတ်သိမ်းခဲ့ကြောင်းသိရသည်။
ကျော်စိုး(ကော့သောင်း)